ဗန်းမော်နှင့် မံစီမြို့တို့တွင် ၄ ရက်မြောက် တိုက်ပွဲပြင်းထန်နေပြီး KIA က စစ်တပ် တပ်ရင်းများနှင့်ရဲစခန်းများကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့်

by

in

ဗန်းမော်နှင့် မံစီမြို့တို့တွင် ၄ ရက်မြောက် တိုက်ပွဲပြင်းထန်နေပြီး KIA က စစ်တပ် တပ်ရင်းများနှင့်ရဲစခန်းများကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့်
ရန်ကုန်၊ ဒီဇင်ဘာ ၇
ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မံစီမြို့တို့တွင် ၄ ရက်မြောက်အဖြစ် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး KIA မဟာမိတ်တပ်များက မြို့များအတွင်းရှိ တပ်များနှင့်ရဲစခန်းများကို သိမ်း ပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့်တင်နေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်၅ နာရီမှစတင်၍ ဗန်းမော်မြို့၊ မံစီမြို့တို့ကို သိမ်း ပိုက်နိုင်ရေးအတွက် KIA မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင်မူ ဗန်းမော်နှင့်မံစီမြို့ထဲအထိ တိုက်ပွဲများရောက်ရှိနေပြီး အဓိကအားဖြင့် စစ်ကောင်စီတပ်၏ အခြေစိုက် စခန်းများကို KIA မဟာ မိတ်ပူးပေါင်းတပ်များက သိမ်းယူနိုင်ရေး ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။
” မနေ့က ဗန်းမော် ခလရ-၄၇ မှာတိုက်ပွဲပြင်းထန်တယ်။ ဗန်မော်မြို့မရဲစခန်းကိုလည်း KIA ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ ဗန်းမော် -မိုးမောက် လမ်း ၇ မိုင်၊ ၆ မိုင်ဘက်မှာလည်း တိုက်ပွဲပြင်းထန်တယ်။ မင်းလှ၊နောင်ခို ဘက်မှာလည်း တိုက် ပွဲပြင်းထန်တယ်။ စကခ ၂၁ မှာလည်း တိုက်ပွဲ ပြင်းထန်နေတယ်။ KIA က ထိုးစစ်ဆင်နေတာ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ မံစီမြို့တွင်လည်း ခမရ ၆၀၁၊ ၃၁၉ တပ်ရင်းများကို KIA နှင့် မဟာ မိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီတပ်က လေ ကြောင်း ပစ်ကူဖြင့် ဗန်းမော်နှင့် မံစီမြို့ ၂ ခုလုံးတွင် ခုခံတိုက်ခိုက်နေကြောင်း သိရှိရသည်။
“စစ်တပ်ကတော့ မြေပြင်ကုန်းကြောင်းကတော့ စစ်ကူမလာနိုင်တော့ဘူး။ Y 12 လေယာဉ် နဲ့ လက်နက်၊ ရိက္ခာ၊ အထုပ်တွေချတယ်။ လေကြောင်းကနေ ဗုံးကျဲတာကတော့ ဗန်းမော်ရော မံစီရောဘက်မှာကျဲချနေတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။
ဗန်းမော်နှင့် မံစီမြို့တို့မှ ပြည်သူများမှာ ရေကြောင်း၊ ကုန်းကြောင်းဖြင့် ထွက် ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် ပြည်သူ အနည်းဆုံး ၇ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူများလည်း များပြားနေကြောင်း သိရှိရသည်။
KIA ၏ ထုတ်ပြန်ချက်တွင်မူ စစ်ကောင်စီတပ်က ပြည်သူများကို စစ်ဘေးမရှောင် ရန် တားဆီးပိတ်ပင်မှုများကို ဗန်းမော်မြို့တွင် လုပ်ဆောင်နေပြီး စစ်ဘေးရှောင် ပြည်သူများ၏ ဆိုင်ကယ်နှင့် ပစ္စည်းများကို လုယက်မှုများ စစ်တပ်က လုပ်ဆောင်နေကြောင်း၊ ထို့ပြင် စစ်ဘေးရှောင် ပြည်သူများကို ပစ်မှတ်ထား၍ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။