နပခမှလွဲ၍ အမ်းတစ်မြို့နယ်လုံးကို AAသိမ်းပိုက် ▪︎ အမ်းနှင့် ဂွသို့ စစ်ကူလာသော စစ်ကောင်စီ၏ စစ်ကြောင်းနှစ်ခုစလုံးချေမှုန်းရာ ရုပ်အလောင်း ၂၀၀ကျော်နှင့် လက်နက်ခဲယမ်းများစွာရ

နပခမှလွဲ၍ အမ်းတစ်မြို့နယ်လုံးကို AAသိမ်းပိုက်
▪︎ အမ်းနှင့် ဂွသို့ စစ်ကူလာသော စစ်ကောင်စီ၏ စစ်ကြောင်းနှစ်ခုစလုံးချေမှုန်းရာ ရုပ်အလောင်း ၂၀၀ကျော်နှင့် လက်နက်ခဲယမ်းများစွာရ

▪︎​မောင်​တော နခခ(၅)ကိုလည်းမကြာခင်သိမ်းပိုက်နိုင်မည်ဟု အသိ​ပေး
ဒီးဒီ/People’s Spring
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၃၀ကျော်တိုက်ခိုက်သိမ်းပိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တစ်ခုသာ ကျန်ရှိတော့ရာ အဆိုပါဌာနချုပ်ကိုလည်း သိမ်းပိုက်ရန် ထိုးစစ်ဆင်နေကြောင်း အာရက္ခတပ်တော်(AA)က ယနေ့ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။
အမ်းမြို့နယ်ရှိ လေဆိပ်အပါအဝင် စစ်ကောင်စီတပ်ရင်း ၉ခုနှင့် တပ်စခန်းငယ်များအား ပြီးခဲ့သည့် ၁၈ရက်အတွင်း ထပ်မံသိမ်းပိုက်ခဲ့ပြီးနောက် အမ်းမြို့နယ်အတွင်း နောက်ဆုံးလက်ကျန် နပခ ဌာနချုပ်တစ်ခုသာ ကျန်ရှိတော့သည်ဟု AAက အသိပေးသည်။
နိုဝင်ဘာ ၁၃ရက် နောက်ပိုင်းကစ၍ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ ခမရ (၃၇၁) – အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲနှင့် ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်းတို့ကို သိမ်းပိုက်ခဲ့ကြောင်း AAက အသိပေးသည်။
ထို့အပြင် အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနှင့် လေဆိပ်အနီး၊ အတွင်း၊ ပတ်ဝန်းကျင်များမှ ခုခံတိုက်ခိုက်နေသော ရန်သူ့စခန်းငယ်များအပြင် အဆိုပါစခန်းများမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ထပ်မံ အသိပေးထားသည်။
အမ်းဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွင် စစ်ကောင်စီက ရခိုင်ရိုးမဘက်မှ စစ်ကူများကို ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ်ပို့ဆောင်ဖြည့်တင်းခဲ့သည်ဟု ဆိုသည်။ အဆိုပါ အင်အားဖြည့်စစ်ကြောင်းအား တိုက်ခိုက်ရာ သုံးရက်အတွင်း စစ်ကြောင်းတစ်ခုလုံး အချေမှုန်းခဲ့သည်ဟု AAက အသိပေးသည်။
အမ်းမြို့ စစ်ကူစစ်ကြောင်းဖြစ်သော တပ်မ (၈၈) လက်အောက်ခံ၊ နည်းဗျူဟာတစ်ခုအား ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ရက်တွင် အမ်းမြို့၏ မြောက်ဘက်၊ ရိုးတောင်၏လမ်းမထက် တစ်နေရာ၌ စတင်ဖြတ်တောက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါစစ်ကြောင်းတွင် ခမရ (၃၁၇)၊ ခမရ (၄၁၅)နှင့် ခမရ (၄၁၆)စသည့် တပ်ရင်းသုံးရင်းဖြင့် စုပေါင်းထားပြီး အင်အား (၁၃၀) ခန့် ပါဝင်သော စစ်ကြောင်းအား သုံးရက်နီးပါး ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ရာ နိုဝင်ဘာ ၃၀ရက် နေ့လည်ပိုင်းတွင် အပြီးသတ်ချေမှုန်းနိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၀၀ကျော်နှင့် လက်နက်ခဲယမ်းအများအပြားသိမ်းရခဲ့သည်ဟု ထပ်မံအသိပေးထားသည်။ စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိပြီး ထွက်ပြေးလွတ်မြောက်နေသည့် အနည်းငယ်သော စစ်ကောင်စီတပ်သားအချို့ကိုလည်း လိုက်လံရှင်းလင်းနေသည်ဟု အသိပေးထားသည်။
ထို့အပြင် ဂွမြို့တွင်လည်း စစ်ကူတက်လာသော ရန်သူ့စစ်ကြောင်းတစ်ခုကို နိုဝင်ဘာ ၂၄ရက်က စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများ၌ သုံးရက်အတွင်း အပြီးချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်ဟု အသိပေးသည်။
အဆိုပါ စစ်ကြောင်းမှ ရန်သူ့အလောင်း ၁၂၀ ကျော်၊ စစ်သုံ့ပန်းအချို့ နှင့် လက်နက်ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများ သိမ်းရခဲ့သည်ဟု AAက အသိပေးသည်။ ယင်းစစ်ကြောင်းတွင် အင်အား (၁၈၄) ဦးပါဝင်သည်ဟု ဆိုသည်။ ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်း နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂)တပ်ရင်း စသည့်တပ်ရင်း (၅)ရင်း စုပေါင်းထားသော စစ်ကြောင်းတစ်ခုဟုလည်း AAက အသိပေးသည်။
အဆိုပါ စစ်ကူစစ်ကြောင်းမှ အစုလိုက်၊ အစုလိုက်ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကို လိုက်လံ ရှင်းလင်းနေသည်ဟုလည်း အသိပေးသည်။
ရန်သူစစ်ကောင်စီသည် လေကြောင်း၊ ရေကြောင်း၊ Suicide Drone မောင်းသူမဲ့ အသေခံဒရုန်းများကိုအသုံးပြု၍ အသည်းအသန် ခုခံကာကွယ်နေသည့်ကြားမှ အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ခြင်းဟု AAက ဆိုသည်။
ဒီဇင်ဘာ ၆ရက်တွင်လည်း အမ်း၊ တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့များရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို အာရက္ခတပ်တော်မှ ယခင်ရက်များနည်းတူ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေ၍ တိုက်ပွဲများ ပြင်းထန်နေသည်ဟု AAက အသိပေးသည်။
လက်ရှိတွင် အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများရှိရာနေရာများ၌ တိုက်ပွဲများ နေ့တိုင်း ပြင်းထန်နေသည်ဟု ထပ်မံ အသိပေးထားသည်။ ရန်သူ စစ်ကောင်စီကလည်း လေကြောင်းပစ်ကူ၊ ရေတပ်စစ်သင်္ဘောများပေါ်မှ ပစ်ကူအမြောက်အမြားပေး၍ တောက်လျှောက် ခုခံကာကွယ်နေသော်လည်း လက်ကျန် စခန်းများ အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ထိုးစစ်များ တစ်ပြိုင်နက်တည်း ဆင်နွှဲနေသည်ဟု AAက အသိပေးသည်။
ထို့အပြင် မောင်တောမြို့ရှိ နခခ (၅) စခန်းအတွင်းမှ ခုခံနေသော ရန်သူများထံ ဝေဟင်မှ ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းပေး ရုံမှလွဲ၍ ကုန်းလမ်း၊ ရေလမ်းမှ မည်သည့်စစ်ကူမျှ လာရောက်ဖြည့်တင်းပေးနိုင်သော အခြေအနေမျိုး မဟုတ်သောကြောင့် နခခ (၅)စခန်းလည်း ထိုးစစ်အောက်တွင် မကြာမီသိမ်းပိုက် ရရှိနိုင်တော့မည်ဟု AAက ဆိုသည်။ အဆိုပါ နခခ(၅)သည် မောင်တောမြို့၏ နောက်ဆုံး လက်ကျန်စခန်းတစ်ခု ဖြစ်တည်။
(အမ်းမြို့သိမ်းတိုက်ပွဲမှ မြင်ကွင်းများ။ ဓာတ်ပုံ − AA)