ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများကြောင့် အလုပ်လုပ်မည့်စွမ်းအားများ သိသိသာသာ လျော့ကျသွားဟု မင်းအောင်လှိုင် ထုတ်ပြောပြန် 🟥လူငယ်များ ပြည်ပသို့ ထွက်ခွာမှုများကို စစ်တပ်က ထပ်မံ ပိတ်ပင်မည်ကို စိုးရိမ်နေရ

by

in

ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများကြောင့် အလုပ်လုပ်မည့်စွမ်းအားများ သိသိသာသာ လျော့ကျသွားဟု မင်းအောင်လှိုင် ထုတ်ပြောပြန်
🟥လူငယ်များ ပြည်ပသို့ ထွက်ခွာမှုများကို စစ်တပ်က ထပ်မံ ပိတ်ပင်မည်ကို စိုးရိမ်နေရ
ရန်ကုန်၊ ဒီဇင်ဘာ ၄
မြန်မာနိုင်ငံသည် လူဦးရေနည်းပါးသော နိုင်ငံဖြစ်၍ ပြည်ပနိုင်ငံများသို့ သွား ရောက် အလုပ်လုပ်ကိုင်မှုများကြောင့် အလုပ်လုပ်မည့်စွမ်းအားများ လျော့ကျသွားသည်မှာ သိသာကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
အကြမ်းဖက်မင်းအောင်လှိုင်က အလုပ်သမားရှားပါးမှု ပြဿနာနှင့်ပတ်သက်၍ တချို့လုပ်ငန်းရှင်များ၏ တင်ပြချက် အရ သိရှိရကြောင်း၊ လူဦးရေ သန်းပေါင်းများစွာရှိသည့် နိုင်ငံများအနေဖြင့် ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ကြသည့် ပမာဏမှာ မသိသာသော်လည်း မိမိတို့ကဲ့သို့ လူဦးရေ နည်းပါးသော နိုင်ငံအတွက်မူ လျော့သွားသည်မှာ သိသာကြောင်း၊ အလုပ်လုပ်ကိုင်မည့်စွမ်းအားများ လျော့သွားသည်ဖြစ်သဖြင့် ထိုက်တန်သော အလုပ်အကိုင်နှင့် လုပ်ခလစာများ ရရှိရေးကို ဆောင်ရွက်ပေးစေလိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် မင်းအောင်လှိုင်က ပြည်ပသို့ လူငယ်များ ထွက်ခွာနေမှုများနှင့်ပတ်သက်၍ တင်းကျပ်ရန် အမိန့်ပေးခဲ့ပြီး ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာနေမှုကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ်စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။
၂၀၂၂ ခုနှစ်အဆိုပါညွှန်ကြားချက်ကြောင့် ပြည်ပသို့ အလုပ်အကိုင်သွားရောက်မည့် လူငယ်များအနက်မှ အသက် ၂၃ နှစ်မှ အသက် ၃၂ နှစ်အတွင်း လူငယ်များကို ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့် စစ်ကောင်စီက ပိတ်ပင်ခဲ့ပြီး ပြည်ပသို့ ထွက်ခွာမှုများကို လက်ရှိအချိန်တွင် စစ်ကောင်စီက အကြီးအကျယ် စိစစ်ပိတ်ပင်လျက်ရှိသည်။
“အရင်ကလည်း ပြည်ပ ထွက်ခွာမှုတွေကို စိစစ်ဖို့ သူ(မင်းအောင်လှိုင်)က ပြောပြီးတော့ ပြည်ပအလုပ်အကိုင်တွေနဲ့ ပြည်ပထွက်ခွာမှုတွေကို တင်းကျပ်ခဲ့တာပဲ။ အသက် ၂၃ ကနေ အသက် ၃၂ နှစ်အထိ ပြည်ပအလုပ်လုပ်ခွင့်အတွက် ထွက်ခွင့်မပေးဘူး။ အခုလည်း ပြည်ပအလုပ်အကိုင်ကြောင့် လုပ်သားစွမ်းအား လျော့ကျသွားပြီပြောတော့ လူငယ်တွေ ပြည်ပထွက်ခွာခွင့်နဲ့ ပြည်ပအလုပ်အကိုင်တွေ ထပ်ပြီး ပိတ်ပင်မှာ စိုးရိမ်နေရတယ်” ဟု ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင် နှုန်းခန့်မှာ ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ၅၀ ရာခိုင် နှုန်းခန့်သည် ပညာအရည်အချင်း အားနည်းကြကြောင်း၊ ၄၁ ရာခိုင်နှုန်းခန့်သည် လယ်ာယသစ်တောသားငါးကဏ္ဍတွင် လုပ်ကိုင်ကြသူများဖြစ်သဖြင့် လယ်ယာစိုက်ပျိုး ရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုမှ အလုပ်အကိုင်များ ဖောင်ဆောင်ပေးကြရန် ပြောဆိုသွားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက ပြည်ပနိုင်ငံများသို့ ထွက်ခွာမှုများ များပြားလျက်ရှိရာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်သူ့စစ်မှုထမ်းဥပ ဒေကို အတည်ပြုပြီးနောက် လူငယ်များ ပြည်ပသို့ ထွက်ခွာမှုများ တရှိန်ထိုးမြင့်တက်လာခဲ့ကြောင်း၊ အထူးသဖြင့် စစ်မှု မထမ်းရရေး ရှောင်လွဲရန် ရရာ အလုပ် များဖြင့် ပြည်ပနိုင်ငံများသို့ လူငယ်များစွာ တရား ဝင်ထွက်ခွာခြင်းများရှိသကဲ့ သို့ တရားမဝင် လမ်း ကြောင်း များမှလည်း ပြည်ပနိုင်ငံများသို့ လူငယ်များ ထွက်ခွာနေကြကြောင်း ပြည်ပအလုပ် အကိုင်အေဂျင်စီ အသိုင်းအ၀ိုင်းက ပြော ဆိုကြသည်။