ကျောင်းဆင်းပွဲလုံခြုံရေးအကြောင်းပြပြီး စစ်တပ်က ပြင်ဦးလွင်မြို့အနီးဝန်းကျင်ကို လက်နက်ကြီး ပစ်ခတ်နေ
ရှိန်း/People’s Spring
ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်(DSA)ကျောင်းဆင်းပွဲ သတင်းပေါက်ပြီးတဲ့နောက် မနေ့ညပိုင်းကနေ ဒီကနေ့ (ဒီဇင်ဘာ ၃ရက်)မနက်အထိ မြို့အနီးဝန်းကျင်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ည၁၁နာရီကနေ မနက်၇နာရီလောက်အထိ ဆက်တိုက်ပစ်နေတာ။တအုန်းအုန်းနဲ့။ဘယ်ကိုပစ်နေတာလဲမသိဘူး”လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်မှုဟာ DSAကျောင်းနောက်ကျောနဲ့ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းရဲ့နောက်ကျောမှာရှိတဲ့ စက်ပစ်ကွင်းဘက်တွေက ဖြစ်နိုင်ပြီး ပြင်ဦးလွင်မြို့ရပ်ကွက်ကြီး(၉)မှာ ပစ်ခတ်အသံတွေ ပိုကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးပစ်ခတ်သံတွေကြောင့် မနေ့ညဘက်မှာ ပြည်သူတွေစိုးရိမ်မှုတွေရှိခဲ့ကြပေမယ့် ဒီကနေ့မနက်ပိုင်းမှာတော့ မြို့အခြေအနေအေးဆေးငြိမ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မြို့ထဲကဘာသံမှ မကြားရဘူး။မြို့တွင်းလုံခြုံရေးလည်း သိပ်ကြပ်ထားတာ မတွေ့ရဘူး။စျေးနားနဲ့ တချို့နေရာတွေမှာ တုတ်တွေကိုင်ထားတဲ့ လုံခြုံရေးနည်းနည်းပဲရှိတယ်”လို့ အဲဒီဒေသခံကပဲ ဆက်ပြောပါတယ်။
ဒါ့အပြင် မနေ့ကလည်း အနီးစခန်းလေယာဥ်ကွင်းအနီးမှာ သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
ပြင်ဦးလွင်မြို့မှာ စစ်တက္ကသိုလ်(DSA)ဗိုလ်လောင်းသင်တန်းအမှတ်စဥ် (၆၆) သင်တန်းဆင်းပွဲကို လာမယ့် ဒီဇင်ဘာ ၆ရက်နေ့မှာ ပြုလုပ်သွားမယ်လို့သိရပြီး ရက်ခြားကာ DSTAကျောင်းဆင်းပွဲပါပြုလုပ်မယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် အရင်က DSAကျောင်းဆင်ပြီး နောက်တစ်ရက်မှာ DSTAကျောင်းဆင်းပွဲပြုလုပ်လေ့ရှိပါတယ်။
အဲဒီကျောင်းဆင်းပွဲကို အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လာမှာဖြစ်လို့ နိုဝင်ဘာလနောက်ဆုံးပတ်ကစပြီး သံချပ်ကာတပ်တွေပါခေါ်ယူပြီးလုံခြုံရေး တင်းကြပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြင်ဦးလွင်မြို့မှာရှိတဲ့ စစ်တက္ကသိုလ်တွေထဲက စစ်တက္ကသိုလ်(DSA)နဲ့ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA) ကျောင်းဆင်းပွဲတွေကို အရင်နှစ်တွေတုန်းကလည်း ဒီဇင်ဘာပထမပါတ်မှာပြုလုပ်လေ့ရှိတယ်လို့ ပြင်ဦးလွင်မြို့ခံအချို့က ပြောပါတယ်။
ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲရက်တွေကိုအတိအကျ မပြောတော့ပဲသတင်းလွှင့်ထာတဲ့ရက်ထက် နောက်ကျပြုလုပ်လေ့ရှိပါတယ်။
ထူးခြားချက်က ဒီနှစ်ပြုလုပ်မယ့် ကျောင်းဆင်းပွဲဟာ အရင်နှစ်တွေကထက် ပိုမိုလုံခြုံရေးတင်းကြပ်ထားတယ်လို့ မြို့ခံတွေကပြောကြပါတယ်။
ကျောင်းဆင်းပွဲပြုလုပ်မယ့်နေရာနဲ့ (၁၆)မိုင်ခန့်ပဲဝေးတဲ့ နောင်ချိုမြို့နယ် ဂန့်ဂေါ်ရွာ အနီးဝန်းကျင်မှာ အောက်တိုဘာလလယ်ပိုင်းကတည်းကတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ပြင်ဦးလွင်မြို့အရှေ့
တောင်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒါကြောင့် စစ်ကောင်စီက မန္တလေးနဲ့ကျောက်ဆည်မြို့မှာရှိတဲ့ သံချပ်ကာတပ်နဲ့ တင့်ကာတပ်တွေကိုပါခေါ်ယူပြီး လုံခြုံရေး စောင်ရွက်နေတယ်လို့မြို့ခံအချို့ကပြောပါတယ်။
“အဲဒီကားတွေက မြို့ပတ်ချာလည်မှာ ထားတာ။ ဘယ်သူမှ မသိရဘူး။ မြို့ထဲမှာ မရှိဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အင်အား ထောင်ချီအသုံးပြုပြီးတော့ ပြင်ဦးလွင်နယ်နမိတ်အစပ်တွေအင်အားတိုးချထားတယ်လို့ဆိုပါတယ်။