စစ်ကောင်စီက ၁ လ စစ်သင်တန်းပေးပြီးနောက် သက်ကြီးပိုင်းအမျိုးသားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့များကို စစ်ဆေးရေးဂိတ်၊ တပ်လုံခြုံရေး၊ ဧည့်စာရင်းစစ်ခြင်းနှင့် နယ်မြေရှင်းလင်းရေးများတွင် စတင်အသုံးပြု

by

in

စစ်ကောင်စီက ၁ လ စစ်သင်တန်းပေးပြီးနောက် သက်ကြီးပိုင်းအမျိုးသားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့များကို စစ်ဆေးရေးဂိတ်၊ တပ်လုံခြုံရေး၊ ဧည့်စာရင်းစစ်ခြင်းနှင့် နယ်မြေရှင်းလင်းရေးများတွင် စတင်အသုံးပြု
ရန်ကုန်၊ ဒီဇင်ဘာ ၃

အကြမ်းဖက်စစ်ကောင်စီက သက်ကြီးပိုင်း အမျိုးသားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေး အဖွဲ့များကို စစ်ဆေးရေးဂိတ်များ၊ စစ်တပ်လုံခြုံရေးကင်းတဲများ၊ ဧည့်စာရင်းစစ်ခြင်း လုပ်ငန်းများနှင့် နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးသည့် ရှေ့တန်းစစ်မြေပြင်များတွင် စတင်အသုံးပြုနေကြောင်း ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုင်ငံတစ်ဝန်းတွင် အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၏ ၁ လ စစ်သင်တန်း တက်ရောက်မှု ပြီးစီးခဲ့ပြီး ယူနီဖောင်းများ ထုတ်ပေးခဲ့ပြီး တရားဝင် စတင် တာဝန်ထမ်းဆောင်ခိုင်းခဲ့ကြောင်း၊ ရန်ကုန်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင် လာရောက်စဉ်က ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးတာဝန်ယူရခြင်း၊ စစ်တပ်အတွက် အပြင်လုံခြုံရေး ပြန်လည် ယူပေးရမှုများကို လုပ်ဆောင်ခဲ့ရကြောင်း ရန်ကုန်မှ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“စစ်သင်တန်း ၁ လဖောင်ကြီးမှာ တက်ရတယ်။ စစ်သင်တန်း တက်တုန်းကတော့ အပြာနုရောင် ယူနီဖောင်းနဲ့ တက်ရတာ။ ပစ်ခတ်မှုသင်တန်းနဲ့ လုံခြုံရေး ယူပုံ ယူနည်း တွေကို အဓိက ထားသင်တယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့ တုန်းက လူကြီးလမ်းကြောင်း(မင်းအောင်လှိုင်) ရှိတယ်ဆိုပြီး မြောက်ဥက္ကလာပ၊ လှိုင်သာယာနဲ့ မင်္ဂလာဒုံမှာ အပြင်လုံခြုံရေးအဖြစ် ပလဖ(ပြည်သူ့လုံခြုံရေးအဖွဲ့)တွေကို တာဝန်ပေးတယ်။ အရပ်ဝတ်နဲ့ပဲ လုံခြုံရေးယူပေးရတာပါ။ ပလဖ လုပ်ရင် အိမ်မှာရှိတဲ့သားအတွက် စစ်မှုထမ်းစရာမလိုဘူးဆိုလို့ ဝင်လုပ်ပေးရတာပါ” ဟု မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်မှ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။
လှိုင်သာယာမြို့နယ်မှ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များကလည်း အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များကို ရဲများနှင့်တွဲဖက်၍ ညပိုင်း ကင်းလှည့်ခိုင်းခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် ပုံမှန်မဟုတ်သည့် ဂိတ်ချစစ်ဆေးမှုများတွင် ပါဝင်ခိုင်းနေကြောင်း ပြောဆိုသည်။
“ညဘက် စက်မှုဇုန်တွေဘက် ကင်းလှည့်ခိုင်းတာ။ ဧည့်စာရင်းစစ်တာတွေမှာ ကျနော်တို့ကို ခေါ်ပါတယ်။ စီးစရာကတော့ ဆိုင်ကယ်ကြိုက်တာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စီးလို့ရတယ်။ သူတို့ဘက်က ဆိုင်ကယ်အတွက် ကတ်ထုတ်ပေးတယ်။ မတတ်နိုင်သူတွေကတော့ စက်ဘီးဝယ်ရတယ်” ဟု လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၅ ရပ်ကွက်တွင် နေထိုင်သူ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးကမူ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးသည့် စစ်တပ်နှင့်ပျူစောထီးအဖွဲ့များတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် သက်ကြီးပိုင်း အမျိုးသားများ လိုက်ပါရကြောင်း၊ ယူနီဖောင်းအနေဖြင့် စစ်တပ်ယူနီဖောင်းနှင့် ပြည်သူ့စစ်ယူနီဖောင်းကို ဝတ်ဆင်ရကြောင်း ပြောဆိုသည်။
“စစ်ကြောင်းထိုးရင် ရပ်ကွက်တစ်ခုစီက ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ၁ ဦး အလှည့်ကျ လိုက်ရတယ်။ သူတို့က ယူနီဖောင်းနဲ့ ကျည်ကာ၊ လက်နက်ခဲယမ်း ထုတ်ပေးတယ်။ စစ်ကြောင်းပြန်သိမ်းရင် အကုန်ပြန်အပ်ရတယ်။ အလှည့်ကျ လိုက်ရတယ်။ စစ်ကြောင်းထိုးတဲ့ ရက်တွေမှာ လိုက်သွားရင် နေ့စားခ ရတယ်” ဟု မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်မှ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်က ဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က အသက် ၃၅ နှစ်အထက် သက်ကြီးပိုင်းအမျိုးသားပါဝင်သော ပြည်သူ့လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းရန် ယခုနှစ် ဩဂုတ်လနှောင်းပိုင်းတွင် စတင်အမိန့်ပေးညွှန်ကြားခဲ့ကြောင်း၊ ယင်းနောက် စက်တင်ဘာလအတွင်း လူစုခြင်း လုပ်ငန်းများ ဆောင်ရွက်ကာ အောက်တိုဘာလအတွင်း စစ်သင်တန်း ၁ လပေးခဲ့ကြောင်း၊ယင်းနောက် နိုဝင်ဘာလနှောင်းပိုင်းမှစတင်၍ ပြည်သူ့လုံခြုံရေးအဖွဲ့များ စတင်အသက်ဝင်လှုပ်ရှားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ပြည်သူ့လုံခြုံရေးအဖွဲ့များတွင် စစ်မှုထမ်းဟောင်းများ၊ ကြံ့ဖွတ်ပါတီဝင်များနှင့် အတင်းအကျပ် လူစုခံရသော သက်ကြီးပိုင်း အမျိုးသား ပြည်သူများ ပါဝင်နေပြီး ပျှမ်းမျှ အသက် ၅၀ အထက်ရှိနေသော အမျိုးသား အများစုပါဝင်နေကြောင်း သိရှိရသည်။