အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံဖို့ ဆောင်ရွက်ပေးမယ်လို့ မင်းအောင်လှိုင် ဆိုပြန်

by

in

အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်လို့ ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံဖို့ ဆောင်ရွက်ပေးမယ်လို့ မင်းအောင်လှိုင် ဆိုပြန်
ဒီဇင်ဘာ ၁၊ ၂၀၂၄

အုပ်ချုပ်သူအစိုးရ၊ တာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့စားရေးမှာ ဖူလုံမှုရှိစေရေးကို ဖြေရှင်းဆောင်ရွက်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်ပြီး လူသားတွေရဲ့နေ့စဉ်ဘ၀မှာ စားရေးဟာ အဓိကအရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တွံတေးမြို့မှာ မွေးမြူရေးလုပ်ငန်းတွေကို သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့တာပါ။
အုပ်ချုပ်သူအစိုးရတာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့စားရေးမှာ ဖူလုံမှုရှိစေရေး၊ အခြေခံစားကုန်တွေ ဈေးနှုန်းသက်သာစွာ ရရှိရေး၊ ပတ်ဝန်းကျင်ကောင်း ရရှိစေရေး ဖြေရှင်းဆောင်ရွက်ပေးရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
မြေပြင်မှာ ကုန်စျေးနှုန်းတွေကြီးမြင့်နေပြီး ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့ အခြေအနေမှာ မင်းအောင်လှိုင်က စားဝတ်နေရေးကို ဖူလုံအောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။
စိုက်ပျိုး‌မွေးမြူရေးလုပ်ငန်းတွေမှာ ကိန်းဂဏန်းအချက်အလက်တွေအရ အောင်မြင်မှုရရှိနေတာ၊ အထွက်နှုန်းကောင်းနေတာကို ကျေနပ်နေလို့မရဘဲ လက်တွေ့မြေပြင်မှာ အမှန်တကယ်အောင်မြင်မှုရရှိဖို့လိုတယ်လို့လည်း မင်းအောင်လှိုင်က ပြောခဲ့ပါသေးတယ်။
လျှပ်စစ်မီးမမှန်တဲ့အခြေအနေမှာ လျှပ်စစ်ရထားပြေးဆွဲဖို့ မင်းအောင်လှိုင် အကြိမ်ကြိမ်ပြောဆိုနေ
ဒီဇင်ဘာ ၁၊ ၂၀၂၄
ရထားလမ်းပိုင်းတွေမှာ လျှပ်စစ်ရထားတွေ ပြောင်းလဲပြေးဆွဲဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောဆိုလာပြန်ပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့က ရန်ကုန်ဘူတာကြီးမှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ စပိန်ထုတ် DEMU ရထားတွဲဆိုင်းတွေနဲ့ စတင်ပြေးဆွဲတဲ့ အခမ်းအနားမှာ ထည့်သွင်းပြောကြားလိုက်တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်က ကြိုတင်မှာယူခဲ့တဲ့ DEMU တွဲဆိုင်းတွေနဲ့ မြို့ပတ်ရထားတွေ စတင်ပြေးဆွဲမှုကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လာရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးထဲက လျှပ်စစ်ရထားတွေ ပြေးဆွဲမယ်လို့ အကြိမ်ကြိမ်ကြွေးကြော်လာတဲ့ မင်းအောင်လှိုင်ဟာ နိုင်ငံကို လျှပ်စစ်မီးပင် အပြည့်အ၀မပေးနိုင်ချိန်မှာ လျှပ်စစ်ရထားပြေးဆွဲရေး ကိုသာ အကြိမ်ကြိမ်ပြောဆိုနေခြင်းဖြစ်ပါတယ်။
လျှပ်စစ်ရထားပြေးဆွဲနိုင်ဖို့ ရထားလမ်းတစ်လျှောက် ဓာတ်အားလိုင်းတွေ တည်ဆောက်ခြင်းနဲ့ ဘက်ထရီဓာတ်အားပေးစနစ်သုံး တွဲဆိုင်းတွေနဲ့ စက်ခေါင်းတွေကို အသုံးပြုပြီး လျှပ်စစ်ရထားကွန်ရက်စနစ် တည်ဆောက်ခြင်းဆိုပြီး နှစ်မျိုးရှိတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။
ဘက်ထရီဓာတ်အားပေးစနစ်သုံး လျှပ်စစ်ရထားကွန်ရက် တည်ဆောက်ရာမှာ မြို့ပတ်ရထားနဲ့ ခရီးရထားများအတွက်ရှိပြီး RBE တွဲတွေကို ဘက်ထရီစနစ် BEMU အဖြစ် ပြောင်းလဲအသုံးပြုနိုင်ပြီး ခရီးဝေးရထားများအတွက် ရှိပြီးသား ဒီဇယ်လျှပ်စစ်စက်ခေါင်းကို ဘက်ထရီလျှပ်စစ်စက်ခေါင်း BEL အဖြစ် ပြောင်းလဲအသုံးပြုနိုင်တယ်လို့ မင်းအောင်လှိုင်ကဆိုပါတယ်။