စစ်တပ်စခန်း ၁၀ ခုကို သိမ်းပိုက်ရရှိပြီးနောက် တောင်ကုတ်မြို့ကို ထိန်းချုပ် လိုက်ပြီဟု AA က ကြေညာ၊ မြို့နယ်တစ်ခုလုံး သိမ်းပိုက်နိုင်ရေး တောင်ကုတ် စကခ ၅ ၊ ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက် ထိုးစစ်ဆင်
ရန်ကုန်| နိုဝင်ဘာ ၂၉
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင်းရှိ စစ်ကောင်စီ စစ်ခစန်းများအားလုံးကို သိမ်း ပိုက်လိုက်ပြီး မြို့တွင်းတွင် စစ်ကောင်စီတစ်ယောက်မျှမရှိတော့ဘဲ AA က မြို့ကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA က တရားဝင်ကြေညာသည်။
တောင်ကုတ််မြို့ကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မြို့နယ်တစ်ခုလုံးကို သိမ်း ပိုက်နိုင်ရေးအတွက် လက်ကျန် စစ်ကောင်စီ၏ စကခ ၅ တပ်မဌာနချုပ်၊ ခမရ ၅၄၄ နှင့် ခမရ ၃၄၆ တပ်းရင်းတို့ကို ထိုးစစ်ဆင်နေကြောင်း AA က ဆိုသည်။
AA က နိုဝင်ဘာလ ၂၄ ရက်နေ့ကတည်းက တောင်ကုတ်မြို့တွင်းကို သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
တောင်ကုတ်မြို့ရှိ မောင်းတံဂိတ် စစ်စခန်းများ၊ တက္ကသိုလ်ကျောင်းဝင်း စစ်စခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း စစ်စခန်း၊ ဖုန်ညိုတံတားအနီး စစ်ခန်းများ၊ တောင်ကုတ်မြို့အဝင် ဂိတ်စခန်း၊ သိမ်တောင် ဆုတောင်းပြည့်ဘုရားကုန်း စစ်စခန်း၊ ကြိုးကြာကွင်း စစ်စခန်း၊ ကိုင်းရှည်တံတားထိပ် စစ်စခန်း၊ သီရိဆေးရုံ စစ်စခန်းနှင့် တောင်ကုတ်မြို့မရဲစခန်းတို့ကို AA က သိမ်းပိုက်လိုက်ခြင်းဖြစ် သည်။
အဆိုပါ စစ်စခန်းများကို နိုဝင်ဘာလ ၄ ရက်မှ ၂၀ ရက်အတွင်း ၁၇ ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တွင်းတစ်ခုလုံးအား နိုဝင်ဘာလ ၂၄ ရက်နေ့တွင်မှ အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
တောင်ကုတ်မြို့ရှိ စစ်ကောင်စီ၏စခန်းများကိုအာရက္ခတပ်တော်က ထိုးစစ်ကိုမစတင်မီ ကတည်းကပင် တောင်ကုတ်မြို့ကို ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့ တိုက်ခိုက်ထိုးစစ်ဆင်မည့် တောင်ကုတ်မြို့ရှိ ရန်သူ့ စခန်း အနီးပတ်ဝန်းကျင်၌ ဒေသခံပြည်သူလူထုများ ရှိပါက တိုက်ပွဲနှင့် ဘေးလွတ်ရာသို့ခေါ်ဆောင်ထားပြီး ဒေသခံပြည်သူလူထု အထိခိုက်အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ အခြားတစ်ဖက်တွင် တောင်ကုတ်မြို့ပြင်၊ မြို့အတွင်းမှ ဒေသခံ ပြည်သူလူထုများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ဆော်သြထားသကဲ့သို့ အများစုသော ပြည်သူထုထုများကိုလည်း တိုက်ပွဲနှင့်ကင်းလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထားခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
AA ၏ ကြိုတင်သတိပေးထားမှုကြောင့် တိုက်ပွဲလွတ်ရာသို့ ရှောင်တိမ်းကြသော ပြည်သူများရှိသကဲ့သို့ ရှောင်တိမ်းခြင်းမရှိဘဲ နေအိမ်များတွင်ကျန်ရစ်ခဲ့သော သူများလည်းရှိခဲကြောင်း၊ ယခုအချိန်တွင် တောင်ကုတ် မြို့အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ယောက်မျှမရှိတော့ဘဲ အာရက္ခတပ်တော်မှထိန်း ချုပ်လိုက်ပြီဖြစ် သော်လည်း တောင်ကုတ်ဒေသခံပြည်သူအချို့နှင့် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူရန်ချောင်းနေကြသော တောကြောင်သူခိုးများသာ ကျန်တော့ကြောင်း၊ အဆိုပါ လက်ကျန်ပြည်သူများ၏ အသက် အန္တရာယ်ကိုစိုးရိမ်သောကြောင့် ဘေးလွတ်ရာသို့ ဆက်လက်ရွေ့ပြောင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တောင်ကုတ်မြို့တွင် ပိတ်မိနေသော အရပ်သားပြည်သူများကို အာရက္ခတပ်တော် AA က ကယ်ထုတ်ထားပြီး သူခိုးများကျန်ရှိနေသေးကြောင်း၊ တောင်ကုတ်မြို့ထဲက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေမှုများရှိနေ၍ AA က ဖမ်းဆီးအရေးယူနေကြောင်း သိရှိရသည်။
အာရက္ခတပ်တော်က သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မြို့များကို တစ်မြို့မကျန် ဆက်လက်သိမ်းပိုက်ရယူနိုင်ရန်အတွက် ၎င်းမြို့များရှိ ဖက်ဆစ်စစ်ကောင်စီ၏ တပ်စခန်းများကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ယခုလများအတွင်း အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ စခန်းများကို အဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ထို့အတူ မောင်တောမြို့ ၌ တစ်ခုတည်းကျန်ရှိနေသေးသော စစ်ကောင်စီ၏ နခခ ၅ စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း AA က ပြောသည်။
ဓာတ်ပုံ- AA က သိမ်းပိုက်ထားသော အမ်းမြို့နယ်မှ စစ်ဆေးရုံနှင့် တောင်ကုတ်မြို့သိမ်းပြမြေပုံ။