အမ်းမှထွက်ပြေးလာသော စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များ ဖြတ်တောက်တိုက်ခိုက် ၂ ဦးသေ ၊ ၁၄ ဦးဖမ်းမိ
အိမ်သွင်/People’s Spring
အမ်းမြို့စစ်မြေပြင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထွက်ပြေးနေပြီး အနောက်ပိုင်းစစ်ဌာနချုပ်လက်အောက်ခံ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော ဗိုလ်မှူးတစ်ဦးကွပ်ကဲသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၄ ဦးဖမ်းမိခဲ့သည်။
ဗိုလ်မှူးဇော်ထက်နောင်ဦးစီးသော စစ်ကြောင်းကို
မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ အမ်း-ပဒါန်း လမ်းတစ်နေရာတွင် နိုဝင်ဘာ (၂၃) ရက်နေ့တွင်
စောင့်ကြို၍ ပိတ်ဆို့တိုက်ခိုက်ခြင်းဖြစ်ပြီး ၂ဦးသေဆုံးပြီး ၁၄ခု အရှင်ဖမ်းမိထားသည်ဟု ကျောင်းသားလက်ရုံးတပ်တော်(SAF)ကယနေ့
(နိုဝင်ဘာ ၂၈ ရက်)တွင် သတင်းထုတ်ပြန်သည်။
ဖမ်းဆီး ရမိထားသည့် စစ်သုံ့ပန်းများအား လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး၍ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု SAFက အသိပေးသည်။
အဆိုပါစစ်ဆင်ရေးကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ PDF မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မဟာမိတ်တွေက ရခိုင်ထွက်ပေါက်တွေမှာ နေရာယူပြီးသားဖြစ်တယ်။ သူတို့ရဲ့တိုက်ရည်ခိုက်ရည်ကို တွေ့ရလိမ့်မယ်။ စောင့်ကြည့်နေပါ”ဟု SAF နှင့် နီးစပ်သူတစ်ဦးကပြောသည်။
အမ်းမြို့တွင် စစ်ကောင်စီတပ် နှင့် အာရက္ခတပ်တော်(AA)အကြား တိုက်ပွဲများပြင်းထန်နေပြီး
စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် ဆုတ်ခွာထွက်ပြေးနေသည်ဟုသတင်းရရှိသည်။
ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းကိုဆက်သွယ်ထားသအမ်း-ပဒါန်းလမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းများနှင့် အာရက္ခတပ်တော်(AA)၏ မဟာမိတ်များကလည်း ထိန်းချုပ်ထားသည့်။စစ်ကောင်စီက အဆိုပါလမ်းကိုအသုံးပြု၍ မြေပြင် မှစစ်ကူပို့နိုင်ရန်ကြိုးစားနေသည့် စစ်ကောင်စီတပ်များကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်တောက် တိုက်ခိုက်နေသည်။
နိုဝင်ဘာလ ၂၀ရက်နေ့ကလည်းအမ်း-ပဒါန်းလမ်း၊ ဂုတ်ကြီးကျေးရွာအနီး၌ စစ်ကောင်စီအမှတ် (၉၀၅)အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်များပါဝင်သည် စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ ကိုးဦးသေဆုံးကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) က ထုတ်ပြန်ထားသည်။
ထို့အပြင်နိုဝင်ဘာ၂၅ရက်နေ့ကလည်း အမ်း-ပဒါန်းလမ်းမပေါ် ၌ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကြောင်း ချင်းကာကွယ်ရေးတပ်(အရှို) CDF – Asho က အသိပေးခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ အမ်းမြို့အပြင် တောင်ကုတ်၊ ဂွနှင့် မောင်တောမြို့သိမ်းတိုက်ပွဲများပြင်းထန်နေပြီး တောင်ကုတ်မြို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးမှုများရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။ တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင် ယခုရက်ပိုင်း၌ စစ်ကောင်စီ၏တပ်ရင်းအချို့ကို AAက သိမ်းပိုက်ထားနိုင်သည်ဟု ရခိုင်ပြည်နယ်အခြေခိုက်သတင်းဌာန အချို့က ရေသားဖော်ပြသည်။ အဆိုပါမြိုများတွင် ဖုန်းနှင့်အင်တာနက်လိုင်းများပြတ်တောက်နေ၍ မြေပြင်အခြေအနေကို ဆက်သွယ်မေးမြန်း၍မရသေးပေ။
(ဖမ်းဆီးရရှိသော စစ်သုံ့ပန်းများကိုတော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်တွေ့ရစဥ် / သိမ်းဆည်းရရှိသောလက်နက်၊ကျည်နှင့်အသုံးအဆောင်အချို့။
ဓါတ်ပုံ-SAF)