အကြမ်းဖက်စစ်သားတွေ အလစ်အငိုက် တိုက်ခိုက်ခံရပြီး ၃၀ ခန့်သေ၊ တပ်ကြပ်အဆင့် ၁ယောက် ဖမ်းမိ၊ လက်နက်အများအပြား ရရှိ (ရုပ်/သံ)

by

in

အကြမ်းဖက်စစ်သားတွေ အလစ်အငိုက် တိုက်ခိုက်ခံရပြီး ၃၀ ခန့်သေ၊ တပ်ကြပ်အဆင့် ၁ယောက် ဖမ်းမိ၊ လက်နက်အများအပြား ရရှိ (ရုပ်/သံ)
နိုဝင်ဘာ ၂၈၊ ၂၀၂၄

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြိုးဝကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အယောက် ၃၀ ခန့်သေပြီး တပ်ကြပ်အဆင့် ၁ ယောက် ဖမ်းဆီးမိကာ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်သားတွေဟာ နိုဝင်ဘာ ၂၂ ရက်က ကြိုးဝကျေးရွာအတွင်းက အရပ်သားနေအိမ်တွေကို ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေချိန် ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၄ ယောက်ဒဏ်ရာရရှိသွားပြီး တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။ အဲဒီနောက် စစ်တပ် တပ်စွဲထားတဲ့နေရာကို နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သား ၃၀ ခန့်သေပြီး တပ်ကြပ်အဆင့် ၁ ယောက် ဖမ်းမိခဲ့ကာ MA1 ၃ လက်၊ MA3 ၄ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ငါးကြင်းမြှီး စက်လက် ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ကင်းထောက် ဒရုန်း ၁ စီး၊ တိုက်ခိုက်ရေး ဒရုန်း ၁ စီး၊ ၅.၅၆ ကျည် ၁,၈၀၀ တောင့်၊ စက်လက်ကျည် ၄၅၀ တောင့်၊ ၆၀ မမ ဗုံးသီး ၇ လုံးနဲ့ ဒေသခံတွေထံက ခိုးယူထားတဲ့ ရွှေလက်ကောက် ၃ ကွင်းတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်တွေဘက်ကတော့ ခွဲမှူး ၁ ယောက်နဲ့ ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီအကြမ်းဖက်စစ်သားတွေဟာ ကပစ ၁၂ (သရက်)၊ ခလရ ၄၄ (သရက်)၊ တပ်မ ၈၈ (မကွေး)၊ ကပစ ၁၈ (တောင်တွင်းကြီး) နဲ့ မင်းတုန်းမြို့နယ်က ပျူခေါင်းဆောင် အပါအဝင် ပျူ ၅ ယောက် အပါအဝင် အင်အား ၁၀၀ ခန့်နဲ့ နိုဝင်ဘာ ၁၈ ရက်ကတည်းက မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သိရပါတယ်။