စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း မတ္တရာနှင့် သပိတ်ကျင်းကို အပြည့်အဝ ထိန်းချုပ်ထားဆဲဟု မန္တလေး PDF ပြော

by

in

စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း မတ္တရာနှင့် သပိတ်ကျင်းကို အပြည့်အဝ ထိန်းချုပ်ထားဆဲဟု မန္တလေး PDF ပြော
ရန်ကုန်၊ နိုဝင်ဘာ ၂၈
အကြမ်းဖက် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း မန္တလေးတိုင်း၊ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်တို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း မန္တလေး PDF တပ်ဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၂၇ နေ့တွင် ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ၎င်းတို့လက်လွှတ်ဆုံးထားသည့် တပ်စခန်းများနှင့် နယ်မြေများကို ပြန်လည်ရရှိရေးအတွက် အတင်းအဓမ္မစစ်သားစုဆောင်းကာ သင်တန်းပေးထားသော စစ်သားများ အသုံးပြုပြီး အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကာ မတ္တရာမြို့နယ် ၊ သပိတ် ကျင်းမြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်း ဖက် စစ်ကောင်စီတို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် သိမ်းပိုက်ရရှိထားသော နယ်မြေများကို အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်း၊ တိုက်ပွဲများအ တွင်းအထိနာနေသော အကြမ်းဖက်စစ်တပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့ နံ နက် ၉ နာရီ ၁၅ အချိန်တွင် မတ္တရာမြို့နယ် ၊ လက္ကောင်းကြီးကျေးရွာ အုပ်စု ၊ လက္ကောင်းကြီးရွာသစ်ရှိ ဓမ္မာရုံကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ကိုရင် ၁ ပါး နှင့် အမျိုးသမီးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။
လက်ရှိ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် ပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးနေရမှုများ များပြားလာနေပြီး အရေးပေါ် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင် ကူညီရေးအဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဓာတ်ပုံ- ယခုနှစ် ဩဂုတ်လအတွင်း သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်စခန်းကို MDY PDF တပ်ဖွဲ့ဝင်များက သိမ်းပိုက်ထားစဥ်။(ပုံအဟောင်း ဖြစ်ပါသည်။)