အင်အားထောင်ချီ၍ အမ်း နပခ ကို ချီတက်နေသည့် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ရိုးမထဲတွင် ကစဉ့်ကလျားပြေးနေရ

by

in

အင်အားထောင်ချီ၍ အမ်း နပခ ကို ချီတက်နေသည့် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ရိုးမထဲတွင် ကစဉ့်ကလျားပြေးနေရ
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ရက်

စစ်ကူလမ်းကြောင်းများပိတ်ဆို့ပြီး ဝိုင်းပတ်အတိုက်ခံနေရသည့် အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ထံ စစ်ကူပို့သည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ကစဉ့်ကလျား ထွက်ပြေးနေရကြောင်း သိရသည်။
အမ်းရိုးပေါ်မှဆင်းလာသည့် စစ်ကား ၂၂ စီးပါ အင်အားအပြည့်ဖြင့် စစ်ကောင်စီစစ်ကြောင်းကို ယမန်နေ့ နိုဝင်ဘာ ၂၃ရက် နံနက်ပိုင်းတွင် အာရက္ခတပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကားနှစ်စီး မီးလောင်ပျက်စီး‌သွားကြောင်း သိရသည်။
“ကားတစ်စီးကို လူအင်အားအပြည့်နဲ့ ကား၂၀ ကျော်တက်လာတာ နှစ်စီးမိုင်းထိပြီး ကျန်ကားတွေ ဆက်ပြီးမောင်းပြေးသွားကြတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၂ရက်နေ့ကလည်း စစ်ကောင်စီ၏ အင်အား ၅၀၀ကျော်ပါသည့် အဖွဲ့ကို AAက ကြားဖြတ်တိုက်ခိုက်ရာ အမ်း-ပဒါန်းအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၆၀ကျော်ခန့် သေဆုံးကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ရက်က အမ်း- ပဒါန်းလမ်းပိုင်း ဂုတ်ကြီးအနီးတွင် စစ်ကောင်စီတပ်ကို PRA Magway ကကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးကြောင်း သိရသည်။
စစ်ကူလမ်းကြောင်းများ ပိတ်ဆို့ဖြတ်တောက်ခံရပြီး နပခဌာနချုပ် ဝိုင်းပတ်တိုက်ခိုက်ခံနေရချိန်တွင် စစ်ကောင်စီက တပ်မ (၈၈) လက်အောက်ခံ ခမရ ၄၁၆ စလေနှင့် ခလရ ၇၇ ရေနံချောင်းတို့မှ တပ်အင်အားများကို စုဖွဲ့ကာ အမ်း-ပဒါန်းလမ်းပိုင်းမှ စစ်ကူပို့လာခြင်းဖြစ်သည်။
ထိုသို့စစ်ကူပို့သည့်အဖွဲ့ကို AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ရာချီသေဆုံးပြီး ကျန်သည့်တပ်ဖွဲ့ဝင်များမှာ အမ်းရိုးတလျှောက် ကစဉ့်ကလျား ထွက်ပြေးနေရ ကြောင်း သိရသည်။
“အမ်းကို အင်အားထောင်ချီပို့တာ။ လေးကြိမ်ကြားဖြတ်တိုက်ခံရတယ်။ တပ်ပျက်သွားပါပြီ။ အဆက် အသွယ်တွေလည်းမရတော့ဘဲ စစ်အင်အား ၅၀၀ လောက်က ရိုးထဲလျှောက်ပြေးနေတာ လိုက်အရှင်း ခံနေရတယ်” ဟု စစ်ကောင်စီထောက်ခံသူများက ဆိုထားသည်။
အမ်းမြို့ပေါ်ထိ AA ကဝင်ရောက်တိုက်ခိုက်နေပြီး ယမန်နေ့ နိုဝင်ဘာ ၂၃ရက်နေ့က အမ်းမြို့မရဲစခန်းကို သိမ်းယူနိုင်ခဲ့ပြီး စခန်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားပြီး ဆလအခွဲ-၁ (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်အတွင်း သွားရောက် ပူးပေါင်းခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)