ထားဝယ်ခရိုင်အတွင်း စစ်တပ်ကို စုပေါင်းအားဖြင့် တိုက်ခိုက်ရန် ထားဝယ်ခရိုင် တပ်ပေါင်းစု အဖြစ် MOD လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက စုပေါင်းဖွဲ့စည်းလိုက်ပြီး မြေပြင် တိုက်ပွဲများ ဖော်ဆောင်မည်ဟု သတိပေး

by

in

ထားဝယ်ခရိုင်အတွင်း စစ်တပ်ကို စုပေါင်းအားဖြင့် တိုက်ခိုက်ရန် ထားဝယ်ခရိုင် တပ်ပေါင်းစု အဖြစ် MOD လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက စုပေါင်းဖွဲ့စည်းလိုက်ပြီး မြေပြင် တိုက်ပွဲများ ဖော်ဆောင်မည်ဟု သတိပေး
ရန်ကုန်၊ နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း စစ်တပ်ကို စုပေါင်းအားဖြင့် တိုက်ခိုက်ရန် ထားဝယ်ခရိုင် တပ်ပေါင်းစု အဖြစ် MOD လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များက စုပေါင်းဖွဲ့စည်းလိုက်ပြီး မြေပြင် တိုက်ပွဲများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထား၀ယ်ခရိုင်တပ်ပေါင်းစု ဗျူဟာမှူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်ပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှု အောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း ၊ အမှတ် ၂ တပ်ရင်း ၊ ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ် ၊ ရေဖြူမြို့နယ် များရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ ပူးပေါင်း၍ ထားဝယ်ခရိုင် တပ်ပေါင်းစုကို စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထားဝယ်ခရိုင်တပ်ပေါင်းစုသည် ထားဝယ်ခရိုင် အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ အားလုံးနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန်၊ အမိန့်တစ်ခုတည်းအောက်တွင် ပူးပေါင်း တိုက်ပွဲဝင်နိုင်ရန်၊ ဘုံရန်သူန် အကြမ်းဖက် စစ်တပ်ကို စုပေါင်းအားဖြင့် တွန်းလှန် တိုက်ခိုက် နိုင်ရန် နှင့် တူညီသော ဘုံရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ထားဝယ်ခရိုင် တပ်ပေါင်းစုက MOD အောက်မှာရှိတဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေကို စုပေါင်းပြီးတော့ ဖွဲ့စည်းထားခြင်းဖြစ်တယ်။ Local PDF တွေတော့ မပါသေးဘူး။ လာမည့် အချိန်ကျရင်တော့ ထပ်ပြီးပါလာမယ်လေ ကျွန်တော်တို့ ထားဝယ်ခရိုင်ထဲမှာ စစ်ခွေးတွေ သောင်းကျန်းနေတာတွေရှိတယ်။ ရေဖြူနဲ့ လောင်းလုံးအစပ်ပေါ့။ အဲဒီဘက်တွေကို ကျွန်တော်တို့က လက်လှမ်းမမှီတာတွေရှိတယ်။ ဒါကြောင့်မို့လို့ လှုပ်ရှားနိုင်ခြင်းမရှိတာတွေရှိတယ်။ မလှုပ်ရှားဘူးဆိုတာ နောက်ကျတဲ့ အတိုင်းအတာတွေရှိတာပေါ့။ နောက်ကျမှာ သွားတိုးရင် ကျွန်တော်တို့တွေပဲခံရမှာလေ ကျွန်တော်တို့လာမယ့် ၁၂ ပိုင်းကျရင် ထားဝယ်ခရိုင် တပ်ပေါင်းစုက တစ်ခုခုလုပ်မယ်။ အဲမှာ အမိန့်တစ်ခုတည်းနဲ့ သွားနိုင်အောင် ကြိုးစားနေခြင်းဖြစ်တယ်။ ကျွန်တော်တို့ ထားဝယ်ခရိုင် တပ်ပေါင်းစုက အမိန့်တစ်ခုတည်းအောက်ကနေသွားမယ်။ အခု လက်နက်ကိုင်အဖွဲ့တွေကို ပေါင်းစည်းနေပြီဖြစ်တဲ့ အတွက် ထောက်ပို့ပြည်သူတွေကော သူ့အဖွဲ့ ကိုယ့်အဖွဲ့လို့ မသတ်မှတ်ဘဲနဲ့ ထားဝယ်ခရိုင် တပ်ပေါင်းစုကို ထောက်ပံ့ပေးဖို့ ပြည်သူတွေကလည်း ကျွန်တော်တို့ ပေါင်းစည်းတာကို လိုလားမယ်လို့ မျှော်လင့်တယ်။ ယုံကြည်တယ်။ ဒါကြောင့်မို့လို့ ပြည်သူကို ကျေနပ်မှုရှိအောင် လတ်တလော အလုပ်လုပ်ပြတဲ့ အခြေအနေ ပဲရှိသေးတယ်။ ဒါကြောင့်မို့လို့တကယ့် မြေပြင်မှာ မလုပ်ရသေးဘူး။ တကယ် မြေပြင်မှာ လုပ်ရတဲ့ အချိန်ရောက်ရင် သူတို့ ဝမ်းသာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ထား၀ယ်ခရိုင်တပ်ပေါင်းစု ဗျူဟာမှူးက ပြောဆိုသည်။
ထားဝယ်ခရိုင်တပ်ပေါင်းစုကို ထားဝယ်ခရိုင်အတွင်းရှိ တိုင်းရင်းသားလက် နက်ကိုင် အင်အားစုများ ၊ ဒေသအခြေပြု လက်နက်ကိုင် အင်အားစုများ (Local PDF) ၊ ထောက်ပို့အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အင်အားစုများ၊ သတင်း မီဒီယာကွန်ယက်များ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ၊ အပြန်အလှန် ယုံကြည်မှု လေးစားမှု နှင့် ဖေးမကူညီ ထိန်းကျောင်းသွားကြပြီး စည်းလုံးညီညွတ်စွာပူးပေါင်း၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထား၀ယ်ခရိုင်တပ်ပေါင်းစု ဗျူဟာမှူးက ဆက်လက် ပြောဆိုသည်။