ဘုရင့်နောင်စစ်ကြောရေးတပ်တွင် ဖမ်းဆီးထားသော လူငယ် ၄၀၀ နီးပါးကို စစ်သင်တန်းတက်ခိုင်းရန် ဟိုပုံးမြို့ရှိ စစ်သင်တန်းကျောင်းသို့ ပို့ဆောင် (ရုပ်/သံ)
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ဘုရင့်နောင်စစ်ကြောရေးစခန်းတွင် ထိန်းသိမ်းထားသော လူငယ် ၄၀၀ ဦးကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၇ စစ်သင်တန်းတက်ရန် ပို့ဆောင်လိုက်ကြောင်း ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်း ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးနှင့်တည်းခိုခန်းစခန်းတွင် တပ်သားသစ်များ အဖြစ် ဖမ်းဆီးထိန်းသိမ်းထားသော လူငယ်များအနက်မှ လူငယ် ၄၀၀ ကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၇ စစ်သင်တန်းတက်ရန်အတွက် စစ်ယာဉ်တန်းဖြင့် စတင်ပို့ဆောင်ခြင်းဖြစ်ကြောင်း၊ စစ်ကား ၂၀ ကျော်ခန့်ပါဝင်ပြီး တစ်စီးလျှင် လူဦးရေ ၂၀ ဝန်းကျင်ပါဝင်ကြောင်း၊ လုံခြုံရေးအပြည့်ဖြင့် လူငယ် သင်တန်းသားများကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“အရင်လကတော့ လူရတာများတော့ နည်းနည်းစောတယ် လူပို့တာ။ အခုလကတော့ လူရတာ နည်းနည်း ကြာတော့ နိုဝင်ဘာလ ၂၃ ရက်လောက်မှ ပို့နိုင်တာ။ ဟိုပုံးသင်တန်းကျောင်းကိုပို့တာ။ စုစုပေါင်း ၄၀၀ ကျော်ပါတယ်။ ပေါ်တာဆွဲထားတဲ့ လူငယ်တွေပါ။ ကားဂိတ်နဲ့ လမ်းတွေမှာ လိုက်ဆွဲထားတဲ့ လူငယ်တွေ။ ရပ်ကွက်တွေမှာ အလှည့်ကျ ခေါ်တဲ့ စစ်မှုထမ်းတွေကတော့ ရန်ကုန်သင်တန်းကျောင်းမှာပဲ တက်ရမှာ။ ဘုရင့်နောင်စစ်ကြောရေးတပ်က လူငယ်တွေက ဟိုပုံးကို ပို့တာ။ အပတ်စဉ်တိုင်းပို့တာပါ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသ်။
ယခင်လကလည်း ရန်ကုန်တိုင်းအတွင်းတွင် ယခု စစ်မှုထမ်း အပတ်စဉ် ၆ အတွက် စစ်ကောင်စီက လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ အလှည့်ကျ မဖြစ်မနေ အတင်းအကျပ် လူစုဆောင်း သင်တန်းတက်ခိုင်းခြင်းများကြောင့် လျာထားချက်ထက် ပိုမို၍ လူဦးရေ ရရှိခဲ့ကြောင်း၊ ထို့ကြောင့် အခြားပြည်နယ်နှင့်တိုင်းများဘက်ရှိ စစ်တပ်သင်တန်းကျောင်းများသို့ စေလွှတ်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်တိုင်းအတွင်းရှိ စစ်သင်တန်းကျောင်းများတွင်လည်း လူဦးရေ လိုအပ်ချက်ထက် ပြည့်မီစွာ ရရှိကြောင်း သိရှိရသည်။