မန္တလေး အမရပူရမှာ အလယ်တန်းပြဆရာမတစ်ဦး ဓားထိုးသတ်ခံရကာ ဆိုင်ကယ် လုယက်ခံရ၊
ပြည်သူက ဝိုင်းဖမ်းလို့ သတ်ဖြတ်လုယက်သူ တစ်ဦးကို ဖမ်းမိ၊
တေဇ/MFP ၊ နိုဝင်ဘာ – ၂၄
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တပ်ကြီးကျေးရွာ၊ အိုးတုတ္တန်း စစ်အုပ်စု ငွေညှစ်ဂိတ်အနီးမှာ နိုဝင်ဘာလ ၂၃ရက် မနေ့က မနက် ၁၁နာရီကျော်အချိန် စစ်အုပ်စု လက်အောက်ခံ Non-CDM အလယ်တန်းပြ ဆရာမတစ်ဦး ဆိုင်ကယ်စီး သွားလာနေချိန် ဓားထိုးအသတ်ခံရကာ ဆိုင်ကယ်လုက်ခံရတယ်လို့ သတင်းရရှိပါတယ်။
ဆိုင်ကယ်စီး သွားလာနေတဲ့ ကျောင်းဆရာမကို ဆိုင်ကယ်နဲ့ အမျိုးသား နှစ်ဦးက နောက်က လိုက်လာပြီး ဓားနဲ့ထိုးကာ ဆိုင်ကယ်လုယက်တာ ဖြစ်ကြောင်း၊ ဓားထိုးခံရတဲ့ ကျောင်းဆရာမမှာ နေရာတင် ပွဲချင်းပြီး သေဆုံး တယ်လို့ မန္တလေးမြေပြင်ကင်းထောက် Vomdy က ဖော်ပြပါတယ်။
အမျိုးသား သုံးဦးက ကျောင်းဆရာမကို ဓားနဲ့ထိုးသတ်ကာ ဆိုင်ကယ်လုယက် ထွက်ပြေးတာ ဖြစ်ပြီး အရပ်သားပြည်သူ ကားဆရာတစ်ဦးက နောက်ကနေ ကားနဲ့လိုက်တိုက်ကာ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးလို့ လုယက်သတ်ဖြတ်သူ တစ်ဦးကိုတော့ ဖမ်းမိတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“(လုယက်သူ) သုံးယောက်ကို တစ်ယောက်မိတယ်။ အနီးနားက ကားသမားက လုယက်သွားတဲ့ ဆိုင်ကယ်ရော၊ သူတို့ (လုယက်သူတွေ)မှာ ပါလာတဲ့ ဆိုင်ကယ်ရော၊ ကားနဲ့ ဖြတ်တိုက်ပစ်တာ နှစ်စီးလုံးကို။ နှစ်ယောက်က ထွက်ပြေးသွား၊ တစ်ယောက်မိ” လို့ ဒေသခံက ဆိုပါတယ်။
ဓားထိုးလုယက် သတ်ဖြတ်ခံရသူဟာ အမရပူရမြို့နယ်၊ ကြည့်မြင်တိုင်ကျေးရွာ၊ အ.ထ.က(ခွဲ)က စစ်အုပ်စု လက်အောက်ခံ Non-CDM အလယ်တန်းပြဆရာမ ဒေါ်အေးမြတ်ခိုင် ဖြစ်ပြီး အမည်မသိ အမျိုးသား နှစ်ဦးက ဓားနဲ့ထိုးပြီး ဆိုင်ကယ်လုယက်လို့ ကျောင်းဆရာမ သေဆုံးကြောင်း၊ လုယက်မှု ကျူးလွန်သူတွေကို စစ်အုပ်စုက လိုက်လံရှာဖွေ ဖမ်းဆီးရာ မနက် ၁၁ နာရီ ၄၅ မိနစ်မှာ တစ်ယောက် ဖမ်းမိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ဖမ်းမိထားသူဟာ တံတားဦးမြို့နယ်၊ သင်ပန်းရွာနေ တက်တူးဆရာ ခန့်ဇင်လင်း၊ ၂၀ နှစ် ဖြစ်ပြီး ထွက်ပြေး လွတ်မြောက်နေတဲ့ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ ကျော်ကြီး (နာမည်အရင်းမသိ) ဆိုသူကို ဖမ်းမိနိုင်ဖို့ စစ်အုပ်စုက ဆက်လက် ကြိုးစားနေတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
နိုဝင်ဘာလ ၁၇ရက် မွန်းလွဲပိုင်းကလည်း အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာ၊ ထုံးဘို – မြစ်ငယ် စစ်အုပ်စု ငွေညှစ်ဂိတ် အနီး ဖွင့်လှစ်ထားတဲ့ ဒန်ကို စက်သုံးဆီဆိုင်ကို တကိုယ်တော် သေနတ်သမားက သေနတ်ငါးချက် ပစ်ဖောက်ကာ ဓားပြတိုက် လုယက်ခဲ့ပါသေးတယ်။ စစ်အုပ်စု ရဲတွေ အသုံးပြုလေ့ရှိတဲ့ သေနတ်ကို ကိုင်ဆောင်ပြီး စက်သုံးဆီဆိုင်ကို တကိုယ်တည်း ဝင်ရောက်ကာ သေနတ်ဖောက် လုယက်တာပါ။ အဲ့ဒီ ဓားပြတိုက်သူကို စစ်အုပ်စု ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပေမယ့် စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီးတာ အားနည်းတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမှာ ဖြစ်ပွားနေတဲ့ ဓားပြမှု၊ လုယက်မှုနဲ့ လူသတ်မှုတွေထဲ ပျူစောထီးအဖွဲ့ဝင် မဟုတ်သူတွေ ကျူးလွန်တဲ့ အမှုတွေကို စစ်အုပ်စုက ဖမ်းဆီးနေပေမယ့် ပျူစောထီးတွေကိုတော့ စစ်အုပ်စုက အကာအကွယ် ပေးထားလို့ ရဲတွေက မဖမ်းရဲတာ ဖြစ်မယ်လို့ မြို့ခံတချို့က သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မန္တလေး မြို့သစ်မှာ ဓားပြတိုက်တဲ့ ပျူစောထီးတွေကို စစ်အုပ်စု ရဲတွေက ဖမ်းဆီးခဲ့ရာ အချင်းချင်း ဆက်လက် ဖမ်းဆီးနေပါက မြေပြင်တိုက်ပွဲတွေမှာ မလိုက်ပါတော့ဘူးလို့ ပျူစောထီးတွေက မန္တလေးနန်းတွင်း အခြေပြု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ က အရာရှိအဆင့်တွေဆီ တိုင်ကြား ခဲ့ပါတယ်။
မန္တလေးမြို့၊ အမရပုရမြို့နယ်၊ အိုးထုတ္တန်း စစ်အုပ်စု ငွေညှစ်ဂိတ်အနီး ဆိုင်ကယ်လုယက်၊ ဓားထိုးသတ်ခံရတဲ့ Non-CDM ကျောင်းဆရာမ နဲ့ ကျူးလွန်သူ တစ်ဦးကို ဖမ်းမိစဉ်/Photo – စစ်အုပ်စု