NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို “ဘယ်သူနဲ့ ဆက်ဆံပါ။ ဘယ်သူနဲ့ မဆက်ဆံပါ” ဟု တရုတ် အပါအဝင် မည်သည့်နိုင်ငံကမှ ပြောဆိုပိုင်ခွင့်မရှိဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် သတိပေး
ရန်ကုန်၊ နိုဝင်ဘာ ၂၃
အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များကို “”ဘယ်သူနဲ့ ဆက်ဆံပါ။ ဘယ်သူနဲ့ မဆက်ဆံပါ” ဟု တရုတ် အပါအဝင် မည်သည့်နိုင်ငံကမှ ပြောဆိုပိုင်ခွင့်မရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သတိပေးပြောဆိုလိုက်သည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ “လူထုလှုပ်ရှားမှု ရက်သတ္တပတ်” အစီအစဉ် ပထမဆုံးနေ့ အမေးအဖြေများကို ဖြေကြားစဉ် NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်က အထက်ပါအတိုင်း သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော စစ်အာဏာသိမ်းမှုများသည် တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံများအပေါ် သက် ရောက် မှုရှိကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံတွင် မည်သည့်နိုင်ငံရေးစနစ်ဖြင့် သွားရမည်ဆိုသည်ကို မည်သူကမှ လာရောက် ပြောပိုင်ခွင့်မရှိကြောင်း၊ နိုင်ငံတစ်ခု၏ အချုပ်အခြာပိုင်ဆိုင်မှု အခွင့်အရေးဖြစ်ကြောင်း၊ ထို့ပြင် တရုတ် အပါအဝင် မည်သည့်နိုင်ငံကမှ NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို မည်သူနှင့် ဆက်ဆံရန်၊ မည်သူနှင့် မဆက်ဆံရန်ဟု ပြောဆိုပိုင်ခွင့်မရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက သတိပေးသည်။
“ကျွန်မတို့ နိုင်ငံမှာ ဘယ်လိုနိုင်ငံရေး စနစ်နဲ့ သွားမလဲဆိုတာ ဘယ်သူကမှ လာပြောလို့ မရဘူး။ ဒါအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ အခွင့်အရေးလည်း ဖြစ်တယ်။အခု ကျွန်မတို့တွေသည် ပြည်သူလူထုရဲ့ ဒေါသကို ရင်ဆိုင်နေရတယ်။ အထူးသဖြင့် တရုတ်က အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်ခရီးစဉ် ဖိတ်ကြားမှုနဲ့ ပတ်သက်လို့ ဒီလိုလုပ်လို့ရှိရင် ကျွန်မတို့ ပြည်သူလူထုက အင်မတန်မှ စိတ်ဆိုးလိမ့်မယ်ဆိုတဲ့ဟာကို တရုတ်တာဝန်ရှိတဲ့ လူတွေကို ကျွန်မ ကြိုတင်ပြီးတော့ အကြောင်းကြားခဲ့ပြီး ဖြစ်တယ်။ အဲဒါလည်း အခု ဖြစ်သွားတော့ ဒီကိစ္စရှိတယ်။ နောက်တစ်ခုကကျတော့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ အခု တိုင်းရင်းသားနဲ့ NUG နဲ့ မဆက်ဆံရဘူးဆိုတဲ့ ကိစ္စ ။ ကျွန်မ အကြောင်းပြန်ထားတာ ရှိပါတယ်။ ဒါက ပြည်တွင်းရေးဖြစ်တယ်။ ပြည်တွင်းရေးဖြစ်တဲ့အတွက် ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဘူးလို့ ပြောထားတာလည်း ဖြစ်တယ်။ ဆိုတော့ ဒီကိစ္စက ကျွန်မတို့ မဟာမိတ်တိုင်းရင်းသားတွေ ဒီထဲမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေကိုရော NUG ကိုရော ဘယ်သူနဲ့ ဆက်ဆံပါ။ ဘယ်သူနဲ့ မဆက်ဆံပါ ဆိုတာကို ဘယ်သူကမှ ပြောပိုင်ခွင့် မရှိဘူး။ ဒါက ကျွန်မတို့ရဲ့ လွတ်လပ်ခွင့်ဖြစ်တယ် ဆိုတဲ့ဟာလည်း ကျွန်မ အကြောင်းပြန်ထားတာ ရှိပါတယ်” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုသည်။
NUG အနေဖြင့် လွတ်လပ် တက်ကြွသည့် နိုင်ငံခြားမူဝါဒကို အခြေခံထားပြီး အိမ်နီးချင်းနိုင်ငံကောင်းဖြစ်ရန် လုပ်ဆောင်နေကြောင်း၊ သို့ရာ တွင် မြန်မာနိုင်ငံတွင် မည်သည့် နိုင်ငံရေးစနစ် ထူထောင်မည်ကို ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားများက ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများသည် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။
“ကိုယ့်ပြည်တွင်းရေးကို ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် လွတ်လွတ်လပ်လပ်သာ ရမယ်ဆိုလို့ရှိရင် ဒီအောင်မြင်မှုဟာ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အောင်မြင်မှုလည်း ဖြစ်တယ် ဒေသတွင်း တည်ငြိမ်ရေးကိုလည်း အထောက်အပံ့ဖြစ်နိုင်မှာလည်း ဖြစ်သလို အခုစိုးရိမ်နေကြတဲ့ ဟိုရင်းနှီးမြှုပ်နှံ့မှု ဒီရင်းနှီးမြှုပ်နှံမှု တွေက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်တာတွေပဲ ” ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုသည်။
တရုတ်နိုင်ငံက အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မဲခေါင်အစည်းအဝေး ဖိတ်ခေါ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ရွေးကောက် ပွဲကို ထောက်ခံကြောင်း၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး ကူညီမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည့်အ ပြင် တိုင်းရင်းသားတော်လှန် ရေး တပ်များ အားလုံး သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ်ဂိတ်များကို စစ်ကောင်စီအလို ကျ ပိတ်ပင်မှုများ တရုတ်က လုပ်ဆောင်လျက်ရှိသည်။