ဖာပွန်မြို့တောင်ဘက်က မထောတပ်စခန်းကို KNU သိမ်းယူ
နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ ဖာပွန်မြို့ တောင်ဘက် ၁၀ မိုင်ခန့်အကွာက မထောတပ်စခန်းကို KNU တပ်မဟာ (၅) နဲ့ ပူးပေါင်းတပ်ကသိမ်းယူလိုက်ပြီလို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက အတည်ပြုပါတယ်။
“မထောစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဘက်က သိမ်းပိုက်လို့ရပြီဆိုတာ အတည်ပြုလို့ရပြီနော်။ အခုစခန်းထဲမှာတော့ ရန်သူ(စစ်ကောင်စီ)မရှိတော့ဘူး” လို့ ဟု ဗိုလ်မှုးကြီးစောကလယ်ဒိုက ဒီနေ့ နိုဝင်ဘာလ ၂၂ ရက်ညနေပိုင်းမှာအတည်ပြုပါတယ်။
ဖာပွန်မြို့မှာဆယ်စုနှစ်နဲ့ချီပြီး တပ်စွဲထားတဲ့ ကူးဆိပ်စခန်းကို သိမ်းနိုင်ပြီးနောက် အနီးက မထောတပ်စခန်း ကိုပါ KNU က ဆက်လက်သိမ်းယူခဲ့တာပါ။
ကူးဆိပ်စခန်းကထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မထောတပ်စခန်းမှာ သွားရောက်ပူးပေါင်းခဲ့တာကြောင့် စုစုပေါင်း အင်အား ၈၀ ခန့် ရှိတဲ့ စခန်းကို တိုက်ခိုက်ခဲ့ရတာလို့ KNU ဘက်က ဆိုပါတယ်။
ဒီနေ့မှာ သိမ်းယူလိုက်တဲ့ မထောတပ်စခန်းက ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းပေါ်တွင်တည်ရှိပြီး ဖာပွန်မြို့နဲ့ဆိုရင် ၁၀ မိုင်ဝေးပါတယ်။
ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်ပေါ်မှာ စစ်ကောင်စီရဲ့ တောင်သုံးလုံးစခန်း၊ ကတိုင်တိစခန်း၊ ကညင်ဒုံစခန်း၊ နယ်ခြားစောင့်တပ် အမှတ်(၁၀၁၃)တပ်ရင်း၊ အမှတ်(၁၀၁၄)တပ်ရင်းဌာနချုပ်နဲ့ ကမမောင်းဗျူဟာတို့ ကျန်ရှိနေပါသေးတယ်။
ဒါအပြင် ဖာပွန်မြို့ပြင် စစ်ကောင်စီတပ်ရဲ့ အခြေ ချ စစ်ဗျုဟာလည်း ရှိနေဆဲဖြစ်ပြီး အဲဒီဗျုဟာကို KNU နဲ့ပူးပေါင်းတပ်က ပိတ်ဆို့ ထားတယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။
KNU တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ် ( ပုံဟောင်း )