တရုတ်က မြန်မာပြည်တွင်းရေးအပေါ် စွက်ဖက်ပိုင်ခွင့် မရှိဟု NUG ပြော

by

in

တရုတ်က မြန်မာပြည်တွင်းရေးအပေါ် စွက်ဖက်ပိုင်ခွင့် မရှိဟု NUG ပြော
YT
.

(မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အိမ်နီးချင်း တရုတ်နိုင်ငံအနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့်မရှိဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
အွန်လိုင်းမှ ပြုလုပ်သည့် “လူထုလှုပ်ရှားမှု ရက်သတ္တပတ်” အစီအစဉ် ပထမဆုံးနေ့ နိုဝင်ဘာ ၂၁ ရက် သုံးသပ်ဆွေးနွေးခန်းအတွင်း အမေးအဖြေကဏ္ဍ၌ တက်ရောက်လာသူတဦး​၏ မေးခွန်းကို ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြန်လည်ဖြေကြားရာတွင် ထိုသို့ထည့်ပြောခဲ့ခြင်း ဖြစ်သည်။
တရုတ်အစိုးရသည် ကိုးကန့်တပ် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကို တိုက်ပွဲများရပ်ရန် သတိပေးပြီးနောက် နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့သည်။
“မြန်မာပြည်တွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုရော၊ NUG ကိုရော ဘယ်သူနဲ့ ဆက်ဆံပါ ၊ ဘယ်သူနဲ့ မဆက်ဆံပါဆိုတာ ဘယ်သူကမှ ပြောပိုင်ခွင့်မရှိဘူး၊ ဒါ ကျမတို့ရဲ့ လွတ်လပ်ခွင့် ဖြစ်တယ်” ဟု တရုတ်ဝင်ရောက် စွက်ဖက်နေမှုနှင့် ပတ်သက်ပြီး ဒေါ်ဇင်မာအောင်က ပြောသည်။
နွေဦးတော်လှန်ရေးနှင့်အတူ တည်ဆောက်ရန် ကြိုးစားနေသည့် ပြည်ထောင်စုသည် အိမ်နီးနားချင်း နိုင်ငံများ၊ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုများကို ရေရှည်အာမခံနိုင်မည့် နိုင်ငံရေး စနစ်တခုကို ပြည်တွင်း၌ တည်ဆောက်နေခြင်း ဖြစ်ကြောင်းလည်း ဒေါ်ဇင်မာအောင်က ပြောသည်။
“ဗမာပြည်ရဲ့ ထစ်ခနဲနေ အာဏာသိမ်းလိုက်၊ ထစ်ခနဲနေ အာဏာသိမ်းလိုက်နဲ့က အဆိုးသံသရာလည်နေခြင်းအားဖြင့် တရုတ်အပါအဝင် ဘယ်အိမ်နီးနားချင်းနိုင်ငံမှ ခေါင်းအေးအေးနေရမှာ မဟုတ်ဘူးဆိုတာ ကျမတို့ ရှင်းရှင်းလင်းလင်း သတင်းစကားပေးပြီးသား ဖြစ်တယ်” ဟုလည်း ဝန်ကြီးက ပြောသည်။
မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်မှုသည် အိမ်နီးချင်းနိုင်ငံများ၏ အောင်မြင်မှု ဖြစ်သလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများအတွက်လည်း ခိုင်မာစေမည်ဟု ဆိုသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းကာလထိ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံထားသည့် နိုင်ငံပေါင်း ၅၂ နိုင်ငံအနက် တရုတ်သည် ဒုတိယအများဆုံးရင်းနှီးမြှပ်နှံသူဖြစ်ကြောင်း နိုဝင်ဘာလ ၈ ရက်နေ့ထုတ် စစ်ကောင်စီထိန်းချုပ်ထားသော သတင်းစာတွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်ဇွန်လကုန်အထိ မြန်မာနိုင်ငံရှိ တရုတ်ရင်းနှီးမြှပ်နှံမှု လုပ်ငန်းပေါင်း ၆၀၀ ခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၉၉၃ ဘီလျံ (၂၂ဘီလျံခန့်) ရှိသည်။ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု၏ ၂၃ ရာခိုင်နှုန်းကျော်ရှိပြီး လျှပ်စစ်ကဏ္ဍတွင် အများဆုံး ရင်းနှီးထားသည်ကို တွေ့ရှိရသည်။
လက်ရှိ မြန်မာပြည်တွင်း၌ ဖြစ်ပေါ်နေသည့် မတည်ငြိမ်မှု၊ ဆူပူမှုများသည် စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့်သာဖြစ်ကြောင်းနှင့် အာဏာသိမ်း စစ်ခေါင်းဆောင်ကို တရုတ်ခရီးစဉ် ဖိတ်ကြားခြင်းအပေါ် မြန်မာလူထုက “ဒေါသထွက်နေ” ကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။
စာတည်း။ ။ နောင်နောင်
ပုံအညွှန်း- ရှမ်းမြောက်တနေရာတွင် စစ်ဆင်ရေးလုပ်နေသည့် MDY-PDF တပ်ဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ် (ဓာတ်ပုံ – AFP) နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်။
#တရုတ်
#မြောက်ပိုင်းလက်နက်ကိုင်
#NUG
#လူထုလှုပ်ရှားမှု
#mizzima
#Burmese
#news
#သတင်း
#Myanmar
#today