မုံရွာက PDF ရှေ့တန်းစခန်း ၂ ခုကို စစ်တပ်ကစီးနင်းပြီး သေနတ်နဲ့ပစ္စည်းတချို့သိမ်းဆည်းခံရ ■ စစ်ကြောင်းဝင်ရာတလျှောက်က ဒေသခံ ၂၀ ကျော်ကိုပါဖမ်းဆီးထား

by

in

မုံရွာက PDF ရှေ့တန်းစခန်း ၂ ခုကို စစ်တပ်ကစီးနင်းပြီး သေနတ်နဲ့ပစ္စည်းတချို့သိမ်းဆည်းခံရ
■ စစ်ကြောင်းဝင်ရာတလျှောက်က ဒေသခံ ၂၀ ကျော်ကိုပါဖမ်းဆီးထား
မုံရွာ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နိဗ္ဗာန်ဝကျေးရွာရှိ မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်းရဲ့ ရှေ့တန်းစခန်း ၂ ခုကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ကြောင်းဝင်ရာလမ်းတလျှောက်က ဒေသခံ ၂၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ တပ်ရင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၉ ရက် မနက် ၈ နာရီကျော်မှာ သံပြားကာ ကား ၄ စီး၊ ဖောကား ၁ စီးနဲ့ အင်အား ၁၅၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိဗ္ဗာန်ဝရွာနဲ့ ရွာနီးကပ်လျက်မှာရှိတဲ့ ရွှေမြင်းတင်တောင်ရှိ ရှေ့တန်းစခန်းကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး စီးနင်းခံရတာလို့ ဆိုပါတယ်။
“ကျနော်တို့စခန်းတွေ ဝင်စီးခံရတာ။ ရှေ့တန်းစခန်းတွေပါ။ ကျနော်တို့က နေရာလေးတွေ ခွဲထားတာ။ လူတွေကတော့ အကုန်လွတ်တယ်။ ရွှေမြင်းတင်တောင်မြောက်ဘက် ပတ္တမြားဘက်ခြမ်းမှာတော့ Battle (တိုက်ပွဲ)ပစ်ခဲ့တာရှိသေးတယ်။ အဲ့မှာ ထိခိုက်တော့ မသိရဘူး။”လို့ မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီအဖွဲ့တွေ စီးနင်းလို့ တော်လှန်ရေးအဖွဲ့ဝင်တွေဘက်က ဆုတ်ခွာပေးခဲ့ရပြီး ရွှေမြင်းတင်တောင်ပေါ် စခန်းက လက်လုပ်သေနတ်နဲ့ ယူနီဖောင်းအချို့၊ ဆိုင်ကယ် ၂ စီး၊ ရိက္ခာအချို့၊ နိဗ္ဗာန်ဝရွာအတွင်းစခန်းက ကား ၁ စီး၊ တပ်ဖွဲ့စာရွက်စာတမ်း၊ ရိက္ခာတွေနဲ့ ခဲယမ်းအချို့ သိမ်းဆည်းခံလိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီအဖွဲ့တွေဟာ နိဗ္ဗာန်ဝရွာကိုစစ်ကြောင်းဝင်လာချိန်မှာ မုံရွာမြို့နယ်၊ ဗန်စီကျေးရွာသားတွေဖြစ်တဲ့ အသက် ၄၀ အရွယ် ကိုငြိမ်းနဲ့ ကိုဝေလင်းသူတို့အပြင် အခြားကျေးရွာကလို့ယူဆရတဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီး ၁ ဦး၊ အသက် ၄၀ ကျော်အမျိုးသား ၁ ဦးကိုဖမ်းဆီးလာကာ ရွှေမြင်းတင်တောင်ပေါ်မှာ ဖမ်းဆီးထားပြီး နိဗ္ဗာန်ဝရွာကိုဝင်တဲ့စစ်ကြောင်းကလည်း ကျေးရွာထဲက မပြေးနိုင်တဲ့အမျိုးသမီး ၁ ဦး၊ အမျိုးသား ၂၀ ခန့်ကို ကျေးရွာဓမ္မာရုံထဲမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းဟာ နိုဝင်ဘာ ၂၀ ရက် ဒီနေ့လယ်ပိုင်းထိ နိဗ္ဗာန်ဝရွာနဲ့ ရွှေမြင်းတင်တောင်မှာပဲရှိနေပြီး ဖမ်းဆီးထားသူတွေကိုလည်း ပြန်လွှတ်မပေးသေးဘူးလို့ မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
နိဗ္ဗာန်ဝကျေးရွာဟာ မုံရွာမြို့ကနေ ၇ မိုင်ခန့်သာကွာဝေးပြီး မုံရွာဗောဓိတစ်ထောင်ဘုရား အနီးဝန်းကျင်က ရွာတရွာဖြစ်ပါတယ်။
စစ်ကြောင်းဝင်လာတဲ့အတွက် နိဗ္ဗာန်ဝ၊ ဗန်စီ၊ ခတ္တကန်၊ ကျီးအုပ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၇ ရွာလောက်က ဒေသခံ ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ နိဗ္ဗာန်ဝကျေးရွာအနီး ရွှေမြင်းတင်တောင်ပေါ်က PDF စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးကိုဖမ်းဆီးရမိပြီး လုပ်သေနတ် ၅ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ကာ ၂ ထည်ကို သိမ်းဆည်းရမိတယ်လို့ ရေးသားထားကြပါတယ်။
၂၀၂၃ ဒီဇင်ဘာ ၂၉ ရက်ကလည်း မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်အနီးရှိ မုံရွာမြို့နယ် ပလဖစခန်းခွဲ ၁ ခု တိုက်ခိုက်ခံရပြီး ကာကွယ်ရေးရဲဘော် ၁ ဦးသေဆုံးကာ ကျပ်သိန်း ၄,၀၀၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – ဖမ်းဆီးခံရသည့် ဒေသခံအချို့နှင့် သိမ်းဆည်းခံရသည့် လက်နက်ခဲယမ်းများ။ (ဓါတ်ပုံ – စကစ တယ်လီဂရမ်)
သတင်း – ကျော်ကြီး၊ စာတည်း – လင်း
#မြေလတ်အသံ
#မုံရွာ #PDF #ရှေ့တန်းစခန်း #စီးနင်းတိုက်ခိုက် #တိုက်ပွဲ