ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် -ဟိုနမ့်ပွန် ချောင်းတံတားကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲ ပြင်းထန်နေ
ရန်ကုန် ၊ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် – ဟိုနမ့်ပွန်ချောင်းတံတားကို စစ်တပ်က လေ ယာဉ်ဖြင့် ဗုံးကျဲပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေ၍ ပွန်ချောင်း တံတားအနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ နိုဝင်ဘာလ ၂၀ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေအတွင်းရှိ အများပြည်သူအသုံးပြု နေ သည့် ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားအား လေယာဉ်ဖြင့် ဗုံး ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကျဲတိုက်ခိုက်ခြင်းနှင့်အတူ စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် များက အကြောင်းရင်းမရှိပဲ PNLO နယ်မြေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သဖြင့် ဟိုနမ့်-ဆိုက်ခေါင် ပွန်ချောင်းတံတားအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အခုမြေပြင်အခြေအနေအသေးစိတ်ကို အသိရသေးဘူး။ ဒီနေ့မနက် ၁၀ နာရီခွဲမှာ စစ်ကောင်စီက အဲဒီအများပြည်သူ အသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို ဗုံး ၃ လုံးကျဲချသွားပါတယ်၊ ပြီးတော့ ပွန်ချောင်းတံတားဘေးမှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အဓိကတော့ ကျနော်တို့ ရှိနေတဲ့ နေရာတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေက ထိုးစစ်ဆင်လာ လို့ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပါတယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ယခုအချိန်ထိ အင်အားဖြည့် တင်းကာ PNLO နယ်မြေထဲသို့ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ရန် လုပ်ဆောင်နေလျက်ရှိကြောင်း PNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။