မောင်တော နခခ-၅ ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေ၍ ဖခင်ကယ်တင်ပေးပါ ဟု စစ်ကောင်စီတပ်လော်ဘီများက တောင်းဆိုနေ
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ရက်
ရခိုင်ပြည်နယ်၊ မောင်တောရှိ နောက်ဆုံးကျန်ရစ်သော စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းစခန်း နခခ-၅ မြို့သူကြီးနှင့် အဆက်အသွယ်ပြတ်တောက်သွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ပေးပါရန် စစ်ကောင်စီတပ်လော်ဘီများနှင့် တပ်ဖွဲ့ဝင်မိသားစုများက တောင်းဆိုလျက်ရှိကြောင်း သိရသည်။
မောင်တော နခခ ၅ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ယနေ့ နိုဝင်ဘာ ၁၈ရက်နေ့တွင် အဆက်အသွယ် လုံးဝပြတ်တောက်သွားသည့်အတွက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို ဖခင်ကယ်တင်ပေးပါ ဟု စစ်တပ်ထောက်ခံသူများက လူမှုကွန်ရက်စာမျက်နှာ များတွင် တောင်းဆိုထားသည်။
“လက်အောက်ငယ်သားတွေကို ဖုန်းပေးမသုံးလို့ အဆက်အသွယ်မရတာ တစ်လကျော်ပြီ။ အခုက စစ်အရာရှိတွေနဲ့ပါ အဆက်အသွယ်မရတော့တာလို့ ပြောပါတယ်။ အခြေအနေတွေဆိုးကုန်ပြီထင်ပါ တယ်” ဟု တပ်မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နခခ-၅ မြို့သူကြီး၏ သုံးဆင့်ကာရံထားသည့် ခြံစည်းရိုးနှင့် မိုင်းကွင်းများမှာလည်း စစ်ကောင်စီတပ်က ပစ်ချသည့် ဗုံးများကြောင့် အချို့မှာ ပြိုကျပျက်စီးသွားပြီး အာရက္ခတပ်တော် (AA) ၏ အနီးကပ် တိုက်ခိုက်ခြင်းကို ခံနေရကြောင်း သိရသည်။
စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် “နခခ၅ ကျသွားပြီ။ တပ်ဆုတ်စရာ နတ်မြစ် လမ်းကြောင်းကို ကမ်းထိုးရေယာဉ်များကပ်ပြီး စစ်ကောင်စီတပ်ဖွဲ့များကို ကယ်ထုတ်ပေးပါ ဖခင်” ဟု ရေးသားတောင်းဆိုနေကြသည်။
AAအနေဖြင့် မောင်တောမြို့တစ်ခုလုံးကို ထိန်းချုပ်ထားပြီး မောင်တောမြို့ပြင်တွင် တစ်ခုတည်း ကျန်ရှိသည့် စစ်ကောင်စီ၏ နခခ ၅ ကို သိမ်းပိုက်ရန်ကြိုးစားလျက်ရှိကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်နေ့က ထုတ်ပြန်ထားသည်။
ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားသည်မှာ မောင်တောတစ်နေရာတည်းတွင်သာ မကဘဲ အမ်း နပခဌာနချုပ်နှင့်ပါ အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
နခခ-၅ အတွင်းရှိ စစ်ကောင်စီအရာရှိများအနေဖြင့် လက်အောက် ငယ်သားများကို ဖုန်းပေးမသုံးခြင်း၊ စားနပ်ရိက္ခာအပြည့်အဝမပေးခြင်းနှင့် လစာမပေးခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်းလည်း နခခ ၅ မှ မိသားစုဝင်အချို့က ဧရာဝတီတိုင်းမ်ကို လာရောက်ပြောဆိုမှုများရှိသည်။
မောင်တော နခခ-၅ ကို AA က သိမ်းဆည်းရမိသည့်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ဧရာဝတီတိုင်းမ် အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းလျက်ရှိသည်။