တရုတ်စီးပွားရေးလုပ်ငန်းများ တည်ရှိရာ ကျောက်ဖြူတွင် စစ်ကောင်စီက ခံစစ်ပြင်ဆင်နေပြီး ဘဏ်များပါပိတ်သွား
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ရက်
အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရခိုင်တောင်ပိုင်းတွင် ပြင်းထန်လာသည့်အတွက် စစ်ကောင်စီက စစ်ရေးမရောက်လာသေးသည့် ကျောက်ဖြူတွင် ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။
ရခိုင်တောင်ပိုင်းရှိ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် စစ်ကောင်စီ၏ ထိုးစစ်အထူးပြင်းထန်လာပြီး နယ်မြေအချို့ပါ လက် လွှတ်လိုက်ရချိန်တွင် စစ်ကောင်စီက ကျောက်ဖြူမြို့၌ ခံစစ်ပြင်လာကြောင်း ဒေသခံများထံက သိရသည်။
“ဂွမှာ စစ်ရေးက မြို့နားကပ်သွားပြီဆိုတော့ ကျောက်ဖြူကို စစ်ရေးရောက်လာမှာ စစ်တပ်က စိုးရိမ်နေပြီ။ မြို့ပြင်ကတပ်တွေကိုပါ လုံခြုံရေးချတာတွေလုပ်လာတယ်” ဟု ကျောက်ဖြူဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်နေ့ကစတင်ပြီး KBZ ဘဏ်၊ CBဘဏ်၊ ကမ္ဘာ့ရတနာဘဏ်စသည့် ပုဂ္ဂလိကဘဏ်များ ပိတ်သိမ်းသွားသည့်အတွက် ငွေကြေးစီးဆင်းမှုနှောင့်နှေးသွားပြီး၊ ငွေသွင်းငွေထုတ် လုပ်ငန်းများ ပါရပ်တန့်သွားကြောင်း သိရသည်။
စစ်ကောင်စီသည် ကျောက်ဖြူရှိ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများကို ထိခိုက်မည် ကိုစိုးရိမ်နေပြီး ဓညဝတီရေတပ်စခန်းဌာနချုပ်တွင်ပါ လုံခြုံရေးများတိုးချထားကြောင်း သိရသည်။
ကျောက်ဖြူမြို့ပြင်ရှိ ခမရ ၅၄၂နှင့် ခမရ ၅၄၃တို့တွင်လည်း ဝါးချွန်များထိုးစိုက်ပြီး ခြံစည်းရိုး များထပ်ကာခဲ့ပြီး ခလရ ၃၄ တွင်လည်း လုံခြုံရေးများချထားကြောင်း သိရသည်။
ကျောက်ဖြူ၌ ခလရ-၃၄၊ ခမရ-၅၄၂၊ ခမရ-၅၄၃နှင့် ဒိုးတောင်တွင် လုံခြုံရေးတပ်ဖွဲ့ခွဲ ၃၂၊ သစ်ပုတ်တောင်တွင် ဓညဝတီရေတပ်ဌာနချုပ်၊ ရေတပ်ဌာနချုပ်အတွင်း ရေတပ်စက်မှုလက်မှု အင်ဂျင်နီယာတပ်၊ ရေတပ်လေ့ကျင့်ရေးတပ်၊ လက်ရုံးတပ်အစရှိသည့် တပ်ပေါင်း ၁၇ တပ်ရှိပြီး အုန်းချိန်ကျွန်းတွင် အမှတ်(၇၁) ရေငုတ်သင်္ဘောအခြေစိုက်စခန်းတို့ရှိကြောင်း သိရသည်။
#ကျောက်ဖြူ #စစ်ကောင်စီခံစစ်ပြင် #တရုတ်စီးပွားရေးလုပ်ငန်းများ #ဘဏ်ပိတ်သိမ်း #Ayeyarwaddy_Times