အမရပူရမြို့နယ်ထဲက Denko ဆီဆိုင် ဓားပြတိုက်ခံရ

by

in

အမရပူရမြို့နယ်ထဲက Denko ဆီဆိုင် ဓားပြတိုက်ခံရ
ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊အမရပူရမြို့နယ်ရှိ Denko စက်သုံးဆီအရောင်းဆိုင်ထဲကို နိုဝင်ဘာလ ၁၇ ရက် က အမျိုးသားတစ်ဦး သေနတ်ပစ်ဖောက် ဝင်ရောက်ပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ထံကနေ သိရပါတယ်။
ထုံးဘို-ပြင်ဦးလွင် လမ်းဘေး နတ်ရေကန် ကျေးရွာအုပ်စု ၊မုတ်ပုလဲကျေးရွာမှာဖွင့်လှစ်ထားတဲ့ Denko စက်သုံးဆီအရောင်းဆိုင်ထဲကို မနေ့ နိုဝင်ဘာလ ၁၇ရက် နေ့ခင်း ၂နာရီခန့်က အမျိုးသားတစ်ဦးဟာ သေနတ်ကိုင်ဆောင်ပြီး ဝင်ရောက်လာတာလို့ သိရပါတယ်။
အဲဒီအမျိုးသားဟာ ဆိုင်ကယ်နဲ့ရောက် လာပြီး သေနတ်အရှည်နဲ့ ၅ ချက်ခန့် ပစ်ဖောက်ခဲ့တယ်လို့သိရပါတယ်။
” နေ့ခင်းအချိန်ကြီး ဆီထည့်နေတဲ့သူတွေလည်းရှိတယ်၊ သေနတ်သံတော်တော်ကျယ်တယ်”လို့ ဆီဆိုင်အနီးနေသူတစ်ဦးကပြောပါတယ်။
အဲဒီနောက် ကောင်တာအတွင်းက စက်သုံးဆီရောင်းရငွေကျပ် ၁၂သိန်းကျော်ကို ယူဆောင်ပြီး ထုံးဘို-ပြင်ဦးလွင်လမ်းအတိုင်း ဆိုင်ကယ်မောင်းထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ဓားပြတိုက်မှု ကျူးလွန်တဲ့အမျိုးသားဟာ အသက် ၂၅နှစ်အရွယ်ရှိပြီး ဆိုင်ကယ်ဦးထုပ်ဆောင်ထားတဲ့အတွက် မျက်နှာသွင်ပြင် ကိုသဲသဲကွဲကွဲ မမြင်လိုက်ရဘူးလို့ စက်သုံးဆီဆိုင်နဲ့နီးစပ်သူတွေကပြောပါတယ်။
လုယက်မှုဖြစ်ပွားတဲ့ ဆီဆိုင်ရဲ့ အနီးမှာ စစ်တပ် ၊ ရဲ နဲ့ ယာဉ်ထိန်း အင်အားအများအပြား ချထားတဲ့ ထုံးဘိုစစ်ဆေးရေးဂိတ်လည်းရှိပါတယ်။
ပြီးခဲ့တဲ့နှစ် မေလ အတွင်းမှာလည်း အမရပူရမြို့နယ် စစ်ကိုင်း-မန္တလေးလမ်းခွဲရှိ Denko ဆီဆိုင်ကို အမျိုးသား သုံးဦးက ဆိုင်ကယ်ဆီပြတ်ချင်ယောင် ဆောင် ပြီး မန်နေဂျာအပါအဝင် ဝန်ထမ်း၃ဦးကို လက်ပြန်ကြိုးတုပ်ကာ ဓားထောက်ပြီး ဆီရောင်းရငွေ ငွေကျပ်သိန်း၂၅၀ကျော် ဓားပြတိုက် သွားတဲ့ဖြစ်စဉ် ဖြစ်ထားပါတယ်။