မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးဆက်ရွာမည်
~~~
■ ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း မန်ရီရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ နေရာကွက်ကြား မိုးရွာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေသ၀နဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းတို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေရာကွက်ကြားမိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တနင်္သာရီတိုင်းအတွင်း မိုးတိမ်တောင်တွေလည်း ဖြစ်ထွန်းနေတာကြောင့် မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာတာအပြင် လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်နိုင်တယ်လို့ မိုး/ဇလက သတိပေးပါတယ်။
ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ခဲ့တဲ့ တိုင်းဖွန်းမုန်တိုင်း မန်ရီကတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်မှာ တောင်တရုတ်ပင်လယ်ပြင်ကို ရောက်နေပြီး အနောက်မြောက်ကို ဆက်လက်ရွေ့လျားမယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ မိုးရွာနိုင်ခြေ ဆက်ရှိနေတာကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းက စပါးရိတ်၊ စပါးလှန်းနေဆဲ တောင်သူတွေ သတိထားကြဖို့ဆိုပြီး မိုးလေသ၀ပညာရှင် ဦးဝင်းနိုင်က သတိပေးထားပါတယ်။
နောက် နှစ်ရက်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာ၀တီ၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါထားပါတယ်။
—————
မုန်တိုင်း လမ်းကြောင်းအရွယ်အစားနှင့် အင်အားကို လေ့လာနိုင်သည့် CIMSS မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ ဖော်ပြချက်ကို တွေ့ရစဉ်။ (Photo: Facebook/ Win Naing)