အကြမ်းဖက် မင်းအောင်လှိုင် တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် ဘက်စုံသုံး ဒရုန်းများ ထပ်မံဝယ်ယူဦးမည်

by

in

အကြမ်းဖက် မင်းအောင်လှိုင် တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် ဘက်စုံသုံး ဒရုန်းများ ထပ်မံဝယ်ယူဦးမည်
ရန်ကုန်၊ နိုဝင်ဘာ ၁၈
အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် စိုက်ပျိုးရေး၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဘက်စုံသုံးဒရုန်းများ ဝယ်ယူဦးမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သ တင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာလ ၈ ရက်နေ့ တရုတ်နိုင်ငံ၊ ချုံချင်းပြည်နယ်ရှိ စိုက်ပျိုးရေး၊ လယ်ယာထွက်ကုန်စက်ရုံနှင့် ဒရုန်းထုတ်လုပ်ရေး စက်ရုံများသို့ သွားရောက်လေ့လာခဲ့ပြီးနောက် စိုက်ပျိုးရေး၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါ ဒရုန်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရေး၊ ဒရုန်းလေ့လာရေးနှင့် ဒရုန်းဝယ်ယူရေးများကို စီစဉ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ ချုံချင်းပြည်နယ်သို့ရောက်ရှိနေစဉ် Zhongyue Aviation UAV Firefighting-Drone Co.Ltd ၊ Weima Agricultural Machinery Company အပါအဝင် ကုမ္ပဏီနှင့် စက်ရုံများ သို့သွားရောက် လေ့လာခဲ့ခြင်းဖြစ်သည်။
“ဒရုန်းတွေကို စိုက်ပျိုးရေးနဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက် စမ်းသပ်အသုံးချကြည့်ဖိုနဲ့ ဝယ်ယူရေးကတော့ ဝန်ကြီးဌာနတွေဘက်က လုပ်ရမယ်လို့ သိရတယ်။ ဘက်စုံသုံး ဒရုန်းတွေကို စမ်းသပ်သုံးစွဲခိုင်းတာ။ ရလဒ်ပေါ်မူတည်ပြီး စိုက်ပျိုးရေးနဲ့ လူမှုကယ်ဆယ်ရေးတွေမှာ ခေတ်မီ နည်းပညာတွေနဲ့ ပေါင်းစပ်ခိုင်းတာ ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
လက်ရှိတွင်လည်း စစ်ကောင်စီက တရုတ်နိုင်ငံလုပ် စိုက်ပျိုးရေးနှင့်ဘက်စုံသုံးဒရုန်းများကို ဝယ်ယူပြီးနောက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ)များတွင် စစ်ရေးအတွက် အသုံးပြုနိုင်သည်အထိ ပြန်လည် ပြုပြင်ကြောင်း၊ ထို့ပြင် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များက ဒရုန်းဖြင့် ဗုံးကျဲရာတွင် အသုံးပြုသည့် ဒရုန်းဗုံးများကိုလည်း အမျိုးအစားအလိုက် တိုးမြှင့်ထုတ်လုပ်နေကြောင်း သိရှိရသည်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်နှင့်ဗန်းမော်မြို့အကြားတွင် စစ်ကောင်စီတပ်က ထိုးစစ်များ လုပ်ဆောင်နေရာတွင် ဒရုန်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာပြီး ၁၂၀ မမ လက်နက်ကြီးများ အများအပြား သယ်ဆောင် ဗုံးကျဲနိုင်သည့် အကြီးစား ဒရုန်းများကို အသုံးပြု လာကြောင်း သိရှိရသည်။