ဂွတွင် AA ၏ ထိုးစစ်ပြင်းထန်လာမှုကြောင့် စစ်ကောင်စီတပ်က တောက်လျှောက်တပ်ဆုတ်နေရပြီး ဂွမြို့နားအထိ တိုက်ပွဲနီးကပ်လာ
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ရက်
ရခိုင်ပြည်နယ် ဂွမြို့နယ် နေရာအနှံ့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေပြီး တိုက်ပွဲမှာ ဂွမြို့အနီး ၁၀ မိုင် ခန့်သာကွာတော့ ကြောင်း ဒေသခံများထံက သိရသည်။
ဂွမြို့နယ်အတွင်းရှိ ရွှေတွင်းတူး၊ ကမ်းသာယာ၊ ဆပ်သွားနှင့် ချင်းကုန်းတို့တွင် ယမန်နေ့ နိုဝင်ဘာ ၁၆ရက်နေ့က တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ တပ်ဆုတ်နေရကြောင်း သိရသည်။
“ဇီးကုန်းကနေ အခုနောက်ဆုံး ဂွမြို့နဲ့ကပ်နေတဲ့ ချင်းကုန်းထိ စစ်တပ်ရဲ့ လက်နက်ကြီး စခန်းတပ်ဆုတ်နေရတယ်။ ဂွမြို့အနှံ့တိုက်ပွဲဖြစ်နေတယ်” ဟု ဂွမြို့နယ်မှစစ်ရှောင်လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ လက်နက်ကြီးတပ်ဆင်ထားသော တပ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုများသည့်အတွက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် စစ်သင်္ဘောများမှနေ၍လည်း လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန်ခုခံနေရကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ရက်နေ့က ဆပ်သွားတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက သံတွဲ- ဂွလမ်းပေါ်ရှိ ဆပ်သွားတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။
ထို့နောက် ဆပ်သွားမှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်နှင့် AA တို့ ရွှေဥကွင်း ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှာ ချင်းကုန်းအထိ တပ်ထပ်ဆုတ်ခဲ့ရကြောင်း သိရသည်။
လေကြောင်းမှ စစ်ကောင်စီက အဓိကထားဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်နေ့က ဂျိုင်ကောက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံ ၇ဦးသေဆုံးကာ ၅ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
လက်ရှိတွင် ဆပ်သွားနှင့် ကမ်းသာယာဘက်မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်များ ချင်းကုန်း ရွာတွင် အထိုင်ချ တပ်စွဲနေကြောင်း သိရသည်။
AA ၏ ထိုးစစ်မှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာပြီး ဂွမြို့အနီးထိ စစ်ရေးဖော်ဆောင် လာကာ စစ်ကောင်စီတပ်ကို ဂွမြို့ နယ်နေရာအနှံ့၌ တိုက်ခိုက်နေကြောင်း သိရသည်။