မှော်ဘီနှင့် မိထ္တီလာလေတပ်စခန်းများ တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး စစ်တပ်တာဝန်ရှိသူ ၅ ဦးကို စစ်ကောင်စီက အရေးယူ

by

in

မှော်ဘီနှင့် မိထ္တီလာလေတပ်စခန်းများ တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး စစ်တပ်တာဝန်ရှိသူ ၅ ဦးကို စစ်ကောင်စီက အရေးယူ
ရန်ကုန်၊ နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းနှင့် မန္တလေးတိုင်း၊ မိထ္တီလာလေတပ်စခန်း တိုက်ခိုက်ခံရမှုတွင် လေတပ်အရာရှိ ၂ ဦး အပါအဝင် ၅ ဦးဒဏ်ရာရရှိပြီး လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် စစ်တပ်တာဝန်ရှိသူ ၅ ဦးကို စစ်ကောင်စီက အရေးယူထားကြောင်း တော်လှန် ရေး တပ်များက ထုတ်ပြန်ပြောဆိုထားသည်။
နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း မှော်ဘီလေတပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ပြီးနောက် တပ်တွင်း ဖရဲသီးသတင်းပေးများ ၏သတင်း‌ပေးပိုချက်အရ ဟက်စကီး ကွင်း နှင့် တောင်ပိုင်းလေတပ်အရာရှိများ နေအိမ်သိုကျရောက်ခဲ့ပြီး အရာရှိ ၂ ဦးအပြင် အခြားအဆင့်ရှိသူများ စုစုပေါင်း ၅ ဦးထက်မနည်း ထိခိုက်မှုရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီက သတင်းများဖုံဖိနေပြီး ဟက်စကီးကွင်းကို ညတွင်းချင်းပြင်ဆင်မှုလုပ်ခိုင်းပြီး ထိခိုက်မှုရှိသူ အရာရှိများကို အိမ်စီးကားများဖြင့် သယ်ထုတ်သွားကြောင်း Urban Special Operation (USO)က ပြောဆိုသည်။
လက်ရှိတွင် မှော်ဘီလေတပ်စခန်းကို လုံခြုံရေးတိုးမြှင့်ထားခြင်း၊ အရပ်ဝတ်မာဖီများဖြင့် နေရာအနှံလိုက်လံစုံစမ်းမှုများ ပြုလုပ်နေခြင်း၊ ဧည့်စာရင်းစစ်မှုများ လုပ်ဆောင်နေသဖြင့် တော်လှန် ပြည်သူတိုနှင့် တော်လှန် ညီကိုရဲဘော်တို သတိထား လှုပ်ရှား သွားလာကြရန် USO က သတိပေးသည်။
“အခု မှော်ဘီလေတပ်နားက လယ်ကွင်းတွေထဲမှာပါ ကင်းတဲဆောက်ပြီး တပ်နဲ့ ပြည်သူ့စစ်တွေကို အရပ်ဝတ်နဲ့ လုံခြုံရေးယူခိုင်းပါတယ်။ မှော်ဘီလေတပ်ပတ်ပတ်လည်မှာ လုံခြုံရေးတွေ တော်တော်များများ ချထားပါတယ်။ လေတပ်ပတ်ပတ်လည်က ရွာတွေနဲ့ ရပ်ကွက်တွေကိုလည်း လေတပ်လုံခြုံရေးအတွက် ကင်းစောင့်ခိုင်းပါတယ်။ ပတ်ကင်းနဲ့ လှည့်ကင်းတွေလည်း လှည့်ခိုင်းပါတယ်” ဟု မှော်ဘီမှ ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့အတူ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန် ၁၁၁၁ ရွှေလင်းယုန် ဒရုန်းစစ်ဆင်ရေး ပစ်မှတ်အဖြစ် မိတ္ထီလာ ရှမ်းတဲလေတပ်စခန်း ၊ တပ်မ ၉၉ ဌာနချုပ်တို့ကို မိတ္ထီလာ ပကဖက ထိရောက်စွာတိုက်ခိုက်ခဲ့ကြောင်း၊ အထိနာသောကြောင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ပေါ့လျော့မှု​ ဖြင့် လေကြောင်းရန်ကာကွယ်ရေး အရာရှိ ၂ ဦး၊ အခြားအဆင့် ၃ ဦးတို့ကို တာ၀န်ပေါ့လျော့အမှုဖြင့် တိုက်ခိုက်ခံရသည့် ညနေတွင် အရေးယူဆောင်ရွက်ရန် ချက်ချင်း နေပြည်တော်သို့ ရဟတ်ယာဉ်ဖြင့်ခေါ်ဆောင်သွားခဲ့ကြောင်း မိတ္ထီလာ ပကဖက ထုတ်ပြန်ပြောဆိုသည်။
မိတ္ထီလာ ပကဖ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း မကြာသောကာလတွင် မိတ္ထီလာရှိစစ်ရေးပစ်မှတ်များကို ထိရောက်စွာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း တရား ဝင် သတင်းထုတ်ပြန်ထားသည်။
မိထ္တီလာပကဖမှ တာဝန်ခံ ဦးနောင်ချိုက မိထ္တီလာတွင် ထပ်မံ၍ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားသည်။
ဓာတ်ပုံ-နိုဝင်ဘာလ ၁၁ ရက်နေ့ မိထ္တီလာ ရှမ်းတဲလေတပ်စခန်းကို တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်များ၏ အသေခံဒရုန်းများ။