NLD အစိုးရ၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင် Inle Princess Resort ဟိုတယ် မီးလောင်ပြာကျ

by

in

NLD အစိုးရ၊ ဟိုတယ်နှင့်ခရီးသွားဝန်ကြီး ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင် Inle Princess Resort ဟိုတယ် မီးလောင်ပြာကျ
ရန်ကုန်၊ နိုဝင်ဘာ ၁၆

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရလက်ထက်တွင် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဖြစ်ခဲ့သူ ဦးအုန်းမောင်နှင့် သမီးဒေါ် ယာဉ်မျိုးစုပိုင်ဆိုင်သော Inle Princess Resort ဟိုတယ် မီးလောင်ပြီး အပျက်အစီးများပြားကြောင်း သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်အချိန် တန်ဆောင်တိုင်လပြည့်ညတွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးရှိ Inle Princess Resort ဟိုတယ်တွင် မီးများလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဟိုတယ်တစ်ခုလုံး နီးပါး မီးလောင်ပြာကျသွားကြောင်း၊ ဟိုတယ် မီးလောင်မှုမှာ ကနဦး ပြောဆိုချက်များအရ မီးပုံးပျံပျက်ကျသည်ဟု သတင်း ထွက်ပေါ်သော်လည်း အတိအကျ မသိရှိရသေးကြောင်း၊ NLD အစိုးရလက်ထက် ဟိုတယ်ခရီးဝန်ကြီး ဦးအုန်းမောင်နှင့် သမီးဖြစ်သူ ဒေါ် ယာဉ်မျိုးစုပိုင်ဆိုင်သော ဟိုတယ်ဖြစ်၍ မီးလောင်မှုမှာ သံသယဖြစ်ဖွယ် အခြေအနေများရှိနိုင်ကြောင်း ဒေသသတင်းရင်းမြစ်တချို့က ပြောဆိုသည်။
စစ်ကောင်စီလက်အောက်ခံ မီးသတ်ဌာန၏ သတင်းထုတ်ပြန်ချက်အရ ဟိုတယ်မီးလောင်မှုသည် ၃ နာရီပါး ကြာမြင့်ခဲ့ကြောင်း၊ ည ၇ နာရီ ၃၅ မိနစ်မှ ည ၁၀ နာရီ ၁၅ မိနစ်အချိန် မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။
ဟိုတယ်ပိုင်ရှင် ဦးအုန်းမောင်သည် ၁၉၈၈ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ခဲ့ပြီး ညောင်ရွှေမြို့နယ်NLD ဥက္ကဋ္ဌ ဖြစ်လာကြောင်း၊ ထို့နောက် ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲတွင် ညောင်ရွှေမြို့နယ် လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး ၁၉၉၁ခုနှစ်တွင် စစ်ခုံရုံးက ထောင် ဒဏ် ၁၀နှစ် ချမှတ်ခဲ့ကြောင်း၊ ၁၉၉၂ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ၂၀၁၅ရွေးကောက်ပွဲတွင်မူ ပါတီအောင်နိုင်ရေးအတွက် ပံ့ပိုးခဲ့ကြောင်း သိရှိရသည်။
ဦးအုန်းမောင်သည် ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့တွင် NLD အစိုးရ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဖြစ်လာခဲ့ပြီး ၂၀၂၁ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူချိန် ခေတ္တထိန်း သိမ်းခံခဲ့ရကြောင်း၊ နောက်ပိုင်းတွင် စစ်ကောင်စီက ၎င်းကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။