မင်းတပ်၊ဖလမ်း မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် စစ်အုပ်စုစခန်းတချို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထား၊ စစ်အုပ်စုက မြို့မကျရေး လေကြောင်းဗုံးကြဲပြီး အသည်းအသန် ခုခံနေ

by

in

မင်းတပ်၊ဖလမ်း မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်
စစ်အုပ်စုစခန်းတချို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထား၊
စစ်အုပ်စုက မြို့မကျရေး လေကြောင်းဗုံးကြဲပြီး အသည်းအသန် ခုခံနေ
ကိုသူ/MFP၊ နိုဝင်ဘာ-၁၅

ချင်းပြည် မင်းတပ်နဲ့ ဖလမ်း မြို့နယ်တွင်း တိုက်ပွဲ ဖြစ်ပွားနေတာ တစ်ပတ်ကြာ‌ရှိပြီး တော်လှန်ရေး အင်အားစုတွေ အနေနဲ့ စစ်အုပ်စု စခန်းတချို့ ကို သိမ်းပိုက်ရရှိထားကာ စစ်အုပ်စုက မြို့မကျ ရေး လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ ပစ်ကူတိုက်ခိုက်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
လက်ရှိမှာလည်း ချင်းညီနောင်အဖွဲ့တွေနဲ့ စစ်အုပ်စုတပ်တွေကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ် ။
“မင်းတပ်နဲ့ ဖလမ်းက တိုက်ပွဲ ဖြစ်နေတုန်းပါ။လေကြောင်းကတော့ လာပါတယ်။ ဘယ်နှကြိမ် ကြဲတယ်ဆိုတာကို မမှတ်မိတော့ဘူး။ အဓိက တော့ ကလေးမြို့ကနေ ပစ်တဲ့ မက်ဇိုင်း ပေါ့နော်။ အဲ့ဒါ နဲ့လည်းပစ်ပါတယ်။တိုက်ပွဲက ပြင်းထန်နေဆဲပါပဲ”။ လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စု အခြေစိုက် စခန်းတွေတည်ရှိရာ မင်းတပ် နဲ့ ဖလမ်းမြို့ကို ချင်းတော်လှန်ရေးအင်အားစုတွေ ဖြစ်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက နိုဝင်ဘာလ ၉ ရက်က စလို့ နိုဝင်ဘာလ ၁၅ ရက် ဒီကနေ့ ထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တစ်ပတ်ကြာထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ တော်လှန်ရေး အင်အားစုတွေက မြို့နှစ်မြို့လုံးကို သိမ်းနိုင်ဖို့ ထိုးစစ်ဆင် တိုက် ခိုက်နေပြီးတော့ စစ်အုပ်စု တပ်သားတချို့ လက် နက်ချ အလင်းဝင် ရောက်တာတွေလည်း ရှိတယ်လို့ဆိုပါတယ်။
ဒီလို တိုက်ပွဲ ပြင်းထန်နေတာကြောင့် ကလေး -တီးတိန်- ဖလမ်း-ကားလမ်းမကြီးကို အသွားအလာမလုပ်ဖို့ တော်လှန်ရေး အင်အားစု တွေက တိုက်တွန်းထားပါတယ်။‌
“လတ်တလော ဖြစ်ပေါ်နေသော စစ်ရေး အခြေအနေများအရ ဖလမ်းမြို့တွင်းသို့ ယာဉ်ကြီး၊ယာဉ်ငယ်များ အားလုံး ဖြတ်သန်းသွားလာခြင််း မပြုရန် တားမြစ်ထားပါသည်။ ဖြတ်သန်းသွားလာ အသုံးပြုခွင့်ကို ပြန်လည်ထုတ်ပြန်ပေးပါမည်” လို့ Falam Regional Committee က ထုတ်ပြန်ထားပါတယ်။
လက်ရှိ နှစ်ဖက် တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဖလမ်း မြို့ပေါ်ရပ်ကွက် ၆ ခုရှိ ကျေးရွာပေါင်း ၂၀၀ ခန့်က ဒေသခံ ၁၀,၀၀၀ ကျော် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ အကူအညီ ပေး‌နေသူတွေက ပြောပါတယ်။
ချင်းပြည်နယ်မှာ တော်လှန်ရေး အင်အားစုတွေက မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်‌‌ခေါဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလနဲ့ ဆူခွာမြို့တွေ ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်နဲ့ ဆမီးမြို့ကိုတော့ အာရက္ခတပ်တော် (AA) ကတိုက်ခိုက်သိမ်းပိုက် ထားတာဖြစ်ပါတယ်။