KIA က တရုတ်-မြန်မာ နယ်စပ်ဂိတ်များကိုသံဂဟေနဲ့ပိတ်လိုက်ပြီ

by

in

KIA က တရုတ်-မြန်မာ နယ်စပ်ဂိတ်များကိုသံဂဟေနဲ့ပိတ်လိုက်ပြီ
နိုဝင်ဘာ ၊၁၄ ရက် လိုင်ဇာ

KIA ထိန်းချုပ်နယ်မြေက တရုတ်-မြန်မာ နယ်စပ် ဂိတ်တွေကို လက်ရှိKIA ဘက်က ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း KIA နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
“အထူး ဒေသ ၁ တွေဘက် တိုက်ပွဲ ဖြစ်လာတော့ တရုတ်ဘက်က နယ်စပ်ဂိတ်ကို ပိတ်လိုက်တယ်။ အခုကျတော့ တရုတ်ဘက်က သူတို့ ဖွင့်ချင်တဲ့ လွယ်ဂျယ်နဲ့ ကံပိုင်တည် ဂိတ်ပဲ ဖွင့်မယ်ပေါ့။ KIA ဘက်ကတော့ဖွင့်မယ်ဆိုရင် နယ်စပ်ဂိတ် အားလုံးဖွင့်ပေး၊ မဖွင့်နိုင်ဘူး ဆိုရင် တစ်ဂိတ်မှ မဖွင့်တော့ဘူး ဆိုပြီး သံတံခါးကြီးတွေနဲ့ အသေပိတ်ချလိုက်တာ” လို့ KIA နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
KIA ထိန်းချုပ် နယ်မြေက တရုတ် – မြန်မာ နယ်စပ်ဂိတ်တွေကို KIA ဘက်က ပြန်ပိတ်လိုက်တာ ၂ ပတ်ကျော် လောက်ရှိပြီ လို့ သူက ပြောပါတယ်။
“လိုင်ဇာမှာက တရုတ်ဘက်က ဂိတ်ဖွင့်ထားတယ်။ လိုင်ဇာဘက်ခြမ်းက ပိတ်ထားတာ။ တရုတ်ဘက်ကနေ လိုင်ဇာဘက် ဝင်မယ့် ကားတွေလည်း တရုတ်ဘက်ခြမ်းမှာ အများကြီး တန်းစီနေကြတယ်။ KIA ဘက်က လုံးဝ ပိတ်ထားလိုက်ပြီ လောလောဆယ်တော့” လို့ ဒေသခံ အမျိုးသမီး တစ်ဦးကလည်း ပြောပါတယ်။
တရုတ်တွေကတော့ မြန်မာဘက်ခြမ်းက အဖိုးတန် ကုန်စည်တွေ သယ်ယူချင်လို့ လောနေကြတာတွေ့ရပြီး မြန်မာဘက်ခြမ်း သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီး သယ်ယူလာနိုင်တယ်လို့ သူက ပြောပါတယ်။
KIA သိမ်းပိုက် ထိန်းချုပ် ထားတဲ့ တရုတ် မြန်မာ နယ်စပ် ဂိတ်ကနေ တရုတ်လုပ်ငန်းရှင်တွေက တန်ဖိုးကြီး သယံဇာတကအစ တရုတ်ဘက်က လိုချင်တဲ့ ကုန်စည်၊ ပစ္စည်းတွေကို သယ်ယူနေတာ ဖြစ်ပြီး ယခင်ကမြန်မာဘက်ခြမ်းက လူအဝင်အထွက် ကန့်သတ်ထားတဲ့ နယ်စပ်ဂိတ်တွေသာ များတယ်လို့ နယ်စပ် ‌ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်၊ မြေရှား သတ္တုသိုက်ရှိရာ ပန်ဝါဒေသကို KIA နဲ့ K – PDF ပူးပေါင်း တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်လိုက်ကာ နယ်စပ်ဂိတ်တွေပါ ပိတ်သွားပြီးနောက် ကမ္ဘာ့မြေရှားသတ္တု ဈေးကွက်ကိုပါ လှုပ်ခါသွားစေတာမျိုးထိ ဖြစ်လာတယ်လို့ သိရကြောင်း နယ်စပ်ကုန်သည် လုပ်ငန်းရှင် တွေဆီက သိရပါတယ်။
#ဓာတ်ပုံ – Local