တရုတ်ပိုင် တကောင်းနီကယ်စက်ရုံကို PDF သိမ်းပိုက်၊ NUG နှင့် တရုတ် စက်ရုံအနာဂတ်အတွက် ဆွေးနွေးနေ

by

in

တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီက အမေရိကန်ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲမှ တကောင်းနီကယ်စက်ရုံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လက်နက်ကိုင်တပ်ဖြစ်သည့် PDF များက စစ်ကောင်စီလက်ထဲမှ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက သိမ်းပိုက်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ထဲမှ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် တကောင်းနီကယ်စက်ရုံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လက်နက်ကိုင်တပ်ဖြစ်သည့် PDF များက စစ်ကောင်စီလက်ထဲမှ ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက သိမ်းပိုက်လိုက်ပြီးနောက် စက်ရုံအနာဂတ်အတွက် NUG နှင့် တရုတ်တို့အကြား ဆွေးနွေးမှုများ လုပ်နေကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ China Nonferrous Metal Mining and Construction ၏ အမေရိကန်ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားသည့် မြန်မာနိုင်ငံတွင် အကြီးမားဆုံး နီကယ်ထုတ်လုပ်ရေးစီမံကိန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၅၀ ခန့်သည် လက်နက်ချမည်ဟု ဇူလိုင်နောက်ဆုံးသတင်းပတ်အတွင်း PDF များထံ ကမ်းလှမ်းခဲ့သည်ဟုလည်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က Myanmar Now ကို ပြောသည်။

ထိုအညံ့ခံမှုနှင့် စက်ရုံအနာဂတ်အတွက် တရုတ်နိုင်ငံဘက်ကလည်း ကြားဝင်ဆွေးနွေးရန် NUG ထံ ဆက်သွယ်လာကြောင်း၊ လက်နက်ချ စစ်သားများ စက်ရုံနှင့်အနီးတစ်ဝိုက်မှ ထွက်ခွာသွားရန် PDF များက လုံခြုံရေးယူပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

“(စီမံကိန်းထဲက) စစ်တပ်ရဲ့လက်နက်ချမှုကို ကျနော်တို့ ညှိနှိုင်းပြီး လက်ခံဆောင်ရွက်ပေးခဲ့တယ်။ ပြီးတော့ လက်နက်ချတဲ့ စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တွေကို ထွက်ခွာသွားဖို့အတွက် PDF တွေက လုံခြုံရေးယူ ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ဦးကျော်ဇော်က Myanmar Now ကို ပြောသည်။

ကြားဝင်စေ့စပ်သည့် တရုတ်နိုင်ငံဘက်မှ အဖွဲ့အစည်းက မည်သူမည်ဝါဆိုသည်ကိုတော့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောဆိုခဲ့ခြင်းမရှိဘဲ ‘တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှလည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကို ဆက်သွယ်လာတာတွေရှိပါတယ်’ ဟု ဆိုသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တို့ ထိစပ်နေသည့် တကောင်းဒေသရှိ နီကယ်စီမံကိန်းသည် တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining and Construction နှင့် မြန်မာအစိုးရ၏ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းတို့ ထုတ်လုပ်မှုအပေါ် အကျိုးခွဲဝေခံစားသည့် စနစ်ဖြင့် ၂၀၀၈ ခုနှစ်မှစပြီး နှစ် ၂၀ စာချုပ်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်။

ထိုစီမံကိန်းမှ တစ်နှစ်လျှင် နီကယ်တန်ချိန် ရှစ်သောင်းခွဲထုတ်လုပ်ရန် လျာထားသည်။

စစ်တပ်က ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးအင်အားစုများက ထိုဒေသဝန်းကျင်တွင် လုံခြုံရေးယူ ဆောင်ရွက်ပေးနေသည်ဟု ဦးကျော်ဇော်က ဆိုသည်။

ထိုလုပ်ရပ်သည် စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့၏ အရှေ့ပိုင်းကာလများတွင် ချုပ်ဆိုထားသည့် စာချုပ်များ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို အသိအမှတ်ပြု ကာကွယ်ပေးမည်ဆိုသည့် NUG ၏မူဝါဒအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီနှင့်မဟုတ်ဘဲ တရားဝင်အစိုးရများနှင့် သဘောတူထားသည့် စီမံကိန်းများကို ကာကွယ်ပေးမည်ဟုလည်း တရုတ်အစိုးရကို NUG က စာပို့ထားသည်ဟု ၎င်းက ဆိုသည်။

“တရုတ်ရင်းနှီးမြှုပ်နှံတွေအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို အသိအမှတ်ပြုတယ်၊ ကာကွယ်စောင့်ရှောက်ပေးမယ်ပြောတဲ့အတိုင်း တကောင်းနီကယ်စက်ရုံစီမံကိန်းရဲ့ စက်ရုံပုံမှန်လည်ပတ်ရေးအတွက် လုံခြုံရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးတယ်။ စက်ရုံစီမံကိန်းလုံခြုံရေး၊ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေး၊ အဲ့ဒီစက်ရုံမှာ နေထိုင်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ မိသားစုတွေ လုံခြုံရေးတွေကို တာဝန်ယူဆောင်ရွက်ပေးပါတယ်” ဟု ဦးကျော်ဇော်က ဆိုသည်။

မြန်မာပြည်တွင်းရှိ တရုတ်စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် တရုတ်နိုင်ငံသားများ လုံခြုံရေးအား ထိပါးအောင် မလုပ်ဆောင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ဇူလိုင် ၂၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းတစ်ခုကို ဇူလိုင် ၂၅ ရက်နေ့တွင် အမှတ် (၁) စစ်ဒေသ လက်အောက်ခံ မန္တလေးတိုင်း PDF တာဝန်ခံ ကွပ်ကဲရေးရုံးကွပ်ကဲမှုဖြင့် အမှတ် (၃) အထူးတပ်ရင်းနှင့် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့က တိုက်ခိုက် သိမ်းပိုက်ပြီး လက်နက် ၁၂ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်တပ်အာဏာမသိမ်းမီက တကောင်းနီကယ်စီမံကိန်းတွင် ရဲတပ်ဖွဲ့ဝင်များဖြင့်သာ လုံခြုံရေးယူခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး နောက်ပိုင်းတွင် လက်နက်အင်အား၊ လူအင်အားဖြည့်တင်းမှုလုပ်ဆောင်နိုင်သည့် အခြေအနေမရှိကြောင်း ဒေသခံများထံမှ သိရသည်။

“အာဏာမသိမ်းခင်က လုံခြုံရေးက ရဲကင်းပဲ ရှိတယ်။ အာဏာသိမ်းပြီးနောက်မှ စစ်တပ်ဝင်ထိုင်တာ။ လုံခြုံရေးက သုံးလေးနေရာယူထားတာ။ တော်လှန်ရေးအရှိန်အဟုန်က မြင့်လာတဲ့ နောက်ပိုင်းမှာ ဒီဘက်ကိုလည်း သိပ်ပြီးတော့ cover (ထိန်းချုပ်တာမျိုး) မလုပ်နိုင်ဘူး။ လက်နက်အင်အားရော၊ လူအင်အားရော ဖြည့်တင်းမှုတွေ မလုပ်နိုင်တော့ဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် လူလတ်ပိုင်းအရွယ် ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် နီကယ်စက်ရုံသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရသဖြင့် လအတန်ကြာ လုပ်ငန်းရပ်တန့်သွားသော်လည်း ထိုနှစ်မေလမှ စတင်ပြီး လုပ်ငန်းပြန်လည်စတင်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အာဏာမသိမ်းမီက တရုတ်နိုင်ငံသားဝန်ထမ်းများအပါအဝင် မြန်မာဝန်ထမ်း ၁၅၀၀ ကျော်ဖြင့် စီမံကိန်းကို လည်ပတ်ခဲ့သည်။ အာဏာသိမ်းပြီးနောက် စက်ရုံဝန်ထမ်းတချို့ကို တော်လှန်ရေးနှင့် ဆက်နွှယ်လှုပ်ရှားသည်ဟု ဆိုကာ ဖမ်းဆီးခြင်း၊ အချို့မှာလည်း စစ်တပ်၏ ဖမ်းဆီးမှုရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းတို့ကြောင့် ဝန်ထမ်းအင်အား အနည်းငယ်လျော့နည်းသွားသော်လည်း လုပ်ငန်းများကို ဆက်လက်လည်ပတ်နိင်ခဲ့သည့် အခြေအနေဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း ထုတ်ပြန်ထားသည့် အချက်အလက်များအရ စတင်ထုတ်လုပ်ချိန်မှ ၂၀၁၈ ခုနှစ်အထိ တကောင်းနီကယ်စီမံကိန်းမှ ဖယ်ရိုနီကယ် မက်ထရစ်တန်ချိန် သုံးသိန်းကျော် ထုတ်လုပ်ထားပြီးဖြစ်သည်။

ထုတ်လုပ်ပြီး နီကယ်များကို ၂၂ ကြိမ်မြောက်ထိ တင်ပို့ရောင်းချမှုများမှ ဓာတ်သတ္တုခွန်အဖြစ် အမေရိကန်ဒေါ်လာ ၂၄ သန်းကျော် (၂၄၇၀၃၄၀၃.၃၅)၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းသို့ ခွဲဝေမှုအချိုးအဖြစ် အမေရိကန်ဒေါ်လာ ၂၅ သန်းကျော် (၂၅၆၈၇၂၇၈.၉၄) ရရှိထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် In Kind အနေဖြင့် ဓာတ်သတ္တုခွန်အဖြစ် နီကယ်တန်ချိန် ၆၃၀၀ မက်ထရစ်တန်နှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းသို့ ခွဲဝေမှုအချိုးအဖြစ် နီကယ်တန်ချိန် ၁၅၁၂ မက်ထရစ်တန် ရရှိထားသည်။

ထုတ်လုပ်ပြီး အဆင့်နိမ့်နှင့် အဆင့်မီဖယ်ရိုနီကယ် ပထမအကြိမ်မှ ၂၂ ကြိမ်မြောက်အထိ သင်္ဘောတင်ပို့ရောင်းချမှုမှ နိုင်ငံတော်သို့ ဓာတ်သတ္တုခွန် အမေရိကန်ဒေါ်လာ ၂၄ သန်း (၂၄၇၀၃၄၀၃.၃၅) နှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းသို့ ခွဲဝေမှုအချိုး အမေရိကန်ဒေါ်လာ (၂၅၆၈၇၂၇၈.၉၄) ၂၅ သန်း ပေးသွင်းခဲ့သည်။

ထို့ပြင် ဓာတ်သတ္တုခွန်အဖြစ် ဖယ်ရိုနီကယ်တန်ချိန် ၆၃၀၀ မက်ထရစ်တန်နှင့် အမှတ် (၁) သတ္တုတွင်းလုပ်ငန်းသို့ ခွဲဝေမှုအချိုး ဖယ်ရိုနီကယ်တန်ချိန် ၁၅၀၀ မက်ထရစ်တန်ကို ရရှိထားသည်။

တကောင်းနီကယ်စီမံကိန်းမှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၁ သန်း စစ်တပ်ထံ စီးဝင်ခဲ့ကြောင်း ဩစတြေးလျအခြေစိုက် Publish What you pay အဖွဲ့၏ ၂၀၂၁ အောက်တိုဘာက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တော်လှန်ရေးပင်မမျက်နှာစာတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများဖြစ်သည့် တကောင်းနီကယ်စီမံကိန်းနှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အနီးတစ်ဝိုက်ဒေသများသည် လက်နက်ကိုင်ခုခံမှုအားကောင်းရာ နေရာများဖြစ်သည်။

တကောင်းနီကယ်စက်ရုံတည်ရှိရာ ထီးချိုင့်မြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများက မြို့ပေါ်မှအပ ကျေးရွာအများစုတွင် နယ်မြေစိုးမိုးထားပြီး မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ တပ်စခန်းများကို တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ဇူလိုင်လ ဒုတိယပတ်အတွင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားရာနေရာများဖြစ်သည့် တောင်လယ်စခန်း၊ တွင်းငယ်နယ်မြေရဲစခန်းနှင့် အင်းနက်တာဝါတိုင်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့သည်။