လှော်ကားနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့တိုက်ခိုက်

by

in

ရွှေပြည်သာ၊ လှော်ကားနယ်မြေရဲစခန်းမှ ရဲများ အရက်ဝိုင်းဖွဲ့သောက်နေစဉ် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၄
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းမှ ရဲများ အရက်ဝိုင်းဖွဲ့သောက်နေစဉ် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ရာ ရဲများ ထိခိုက်မှုရှိကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီ ၁၄ မိနစ်ခန့်အချိန် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းရှိ ကင်းဂိတ်တွင် အရပ်ဝတ်ဖြင့် ရဲများ အရပ်ဝိုင်းဖွဲ့သောက်နေစဉ် မြို့ပြ UG ရဲဘော်များက လက်ပစ်ဗုံး ၂ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ပစ်မှတ်က အဲ့ရဲစခန်းရှေ့က ကင်းဂိတ်ကို ၂ လုံး ပစ်ထည့်လိုက်တာပါ။ ပစ်မှတ်ရောက်ပါတယ်။ ရဲခွေးတွေ၊ အရပ်ဝတ်တွေရော အရက်ဝိုင်း လုပ်နေတဲ့အချိန် ဆိုတော့ ထိခိုက်မှုရှိတယ်။ အသေးစိတ်တော့ ဆက်လက် စုံစမ်းနေပါတယ်။ ရဲဘော်တွေတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Operation Flame (OF) နှင့် မဟာမိတ် Yangon UG People Army – YUPA တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန် တော်လှန်ရေး မဟာမိတ်များအားလုံးနှင့် အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

လှော်ကားနယ်မြေရဲစခန်းကို ပြောက်ကျားတပ်ဖွဲ့တိုက်ခိုက်
သုည/People’s Spring
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ လှော်ကားနယ်မြေ ရဲစခန်းကို မြို့ပြပြောက်ကျားအဖွဲ့များက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယနေ့(နိုဝင်ဘာ ၁၃ရက်) ည ၇နာရီကျော်တွင် လှော်ကားနယ်မြေရဲစခန်းကို ပစ်မှတ်ထား၍ Operation Flame (OF) နှင့် Yangon UG People Army (YUPA)တို့မှ လက်ပစ်ဗုံး ၂လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း OF အဖွဲ့က အသိပေးထားသည်။
“လှော်ကားရဲစခန်းဘက်မှာ ည ၇ နာရီခွဲလောက် က ဗုံးပေါက်သံ အကျယ်ကြီးကြားလိုက်ရတယ်။ ရဲစခန်းနားမှာ ဗုံးပေါက်တာလို့ ပြောနေကြတယ်။ လူထိခိုက်မှု ရှိ၊မရှိတော့ သေချာမသိပါဘူး။ စစ်ကား၊ ရဲကားတွေ လှော်ကားနားမှာ စစ်နေတာ တွေ့ရတယ်။ အောက်မင်္ဂလာဒုံလမ်းပေါ်မှာလည်း စစ်ကားတွေ ကင်းပတ်နေတာ တွေ့ခဲ့ပါတယ်”ဟု ရွှေပြည်သာမြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဝင်အချို့ ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သော်လည်း တော်လှန်ရေးအဖွဲ့သားအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း Operation Flame (OF) အဖွဲ့က ဆိုသည်။
ထို့အပြင် ရန်ကုန်တော်လှန်ရေးမဟာမိတ်များနှင့်အတူ လက်တွဲပြီး စစ်ကောင်စီတပ်အား အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဟုလည်း OFအဖွဲ့က အသိပေးသည်။
Operation Flame (OF)အဖွဲ့သည် ယမန်နေ့ညပိုင်းကလည်း ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေနံ့သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။
(ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ရွှေပြည်သာမြို့နယ် လှော်ကားနယ်မြေ ရဲစခန်းကို တွေ့ရစဥ်။ ဓာတ်ပုံ – CJ)