မိုးကုတ်နှင့် နောင်ချို လေကြောင်းတိုက်ခိုက်ခံရမှု အမျိုးသမီး ၄ ဦးအပါအဝင် ၃၀ ကျော်သေဆုံး
ရွှေနွယ်
မဇ္ဈိမ။ ။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တို့တွင် နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့်၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ အမျိုးသမီး ၄ ဦးအပါအဝင် ၃၁ ဦး ရှိလာပြီဖြစ်ကြောင်း ဒေသခံများနှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)တို့၏ ပြောဆိုချက်အရ သိရသည်။
မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်နှင့် အနောက်ပိုင်း ကြပ်ပြင်ရပ်တို့ကို နိုဝင်ဘာ ၁၁ ရက် ည ၁၁ နာရီအချိန်ခန့်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးသူ အရပ်သားပြည်သူအရေအတွက်မှာ ယနေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက်ပိုင်းရရှိထားသည့် သတင်းအချက်အလက်များအရ ၂၀ ဦးရှိလာပြီဖြစ်ကြောင်း TWO ပြောခွင့်ရသူက မဇ္ဈိမကိုပြောသည်။
သေဆုံးသူများအနက် အမျိုးသမီး လေးဦးပါဝင်ပြီး ကျန်အရေအတွက်မှာ အမျိုးသားများဖြစ်ကြောင်းသိရသည်။
“သေဆုံးသူ ၂၀ အထိတိုးလာတယ်။ ဒဏ်ရာရသူက ၁၃ ဦးရှိတယ်လို့သိရတယ်။ နာမည်အတိအကျကိုတော့ စာရင်းမပေးလာသေးဘူး” ဟု TWO ပြောခွင့်ရသူကပြောသည်။
TWO ၏ မိုးကုတ်မြို့လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ နိုဝင်ဘာ ၁၂ ရက်ညပိုင်းအချိန် နောက်ဆုံး ထုတ်ပြန်ထားချက်တွင်လည်း လူနာများသည် ဆေးရုံသို့ ရောက်ပြီးနောက် သွေးထွက်လွန်၍ သေဆုံးသွားကြရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် ၅၀ ခန့် ပျက်စီးထိခိုက်ခဲ့ကြောင်းလည်း မြေပြင်သတင်းအချက်အလက်များအရသိရကြောင်း ဖော်ပြထားသည်။
ယနေ့ နံနက်တွင် မိုးကုတ်မြို့၌ အခြေအနေတည်ငြိမ်နေပြီး လေကြောင်းရန်ကိုတိမ်းရှောင်ရန် မြို့မှ ထွက်ခွာနေကြသူများလည်းရှိနေကြောင်း မိုးကုတ်ဒေသခံများထံမှ သိရသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ အရပ်သားပြည်သူအများအပြားစုဝေးနေသည့် လန်းဆန်းလက်ဖက်ရည်ဆိုင်ကို ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်) ညနေပိုင်းက စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့ရာ သေဆုံးသူ ၁၁ ဦး ရှိကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA မှ ထုတ်ပြန်ထားသည်။
သို့သော်အဆိုပါ သေဆုံးမှုအရေအတွက်သည် တိုက်ခိုက်ခံရပြီးသည့် နာရီပိုင်းအတွင်း သိရှိရသည့် သေဆုံးမှုအရေအတွက်သာဖြစ်ပြီး ပြင်းထန်ဒဏ်ရာရသူအများအပြားရှိခဲ့သောကြောင့် သေဆုံးအရေအတွက် ထပ်မံတိုးလာနိုင်သေးကြောင်း နောင်ချိုမြို့ဒေသခံကပြောသည်။
“ကျွန်တော်တို့အိမ်က မှန်တချပ်ကွဲတယ်။ လန်းဆန်းမှာ သေဆုံး ဒဏ်ရာရပိုတိုးလာမှာ။ လက်ဖက်ရည်ဆိုင် ဘီယာဆိုင် ကွမ်းယာဆိုင် နောက်ပြီး ကျောက်မဲ လားရှိုးပြန်တက်မယ့် ကားဆရာနဲ့ ခရီးသည်တွေ အနည်းဆုံးတကားကို ငါးယောက်နှုန်းနဲ့ပဲတွက်ပါ အနည်းဆုံး ၃၀ ကျော်မယ် ထိခိုက်မှုက” ဟုနောင်ချိုမြို့ဒေသခံကပြောသည်။
ထို့အပြင် အဆိုပါလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ညနေ ၆ နာရီအချိန်ခန့်တွင် နောင်ချိုမြို့နယ်အတွင်းမှ တောင်ခမ်းစစ်မြေပြင်နှင့်နီးကပ်သည့် အင်းဖိုကျေးရွာသို့လည်း ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
“မနေ့က အင်းဖိုရွာမှာထပ်ချတယ်။ အသေအပျောက်ရှိတယ်။ ရွာနီးချင်းပဲသိကြတယ်။ အခုတော့ မြို့ပေါ်ကနေ ခဏရှောင်နေကြတယ်။ ရက်ပိုင်းလောက်ပါပဲ။ သုံးလေးရက်လောက်ရှောင်ကြတာပေါ့” ဟု နောင်ချိုဒေသခံကပြောသည်။ အင်းဖိုကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးထိခိုက်ပျက်စီးမှုကို မဇ္ဈိမအနေဖြင့် အတည်မပြုနိုင်သေးပေ။
စစ်ကောင်စီခေါင်းဆောင်သည် တရုတ်နိုင်ငံမှ ပြန်ရောက်လာပြီးနောက် ရက်ပိုင်းအတွင်း အရပ်သားပစ်မှတ်များကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေဖြစ်ကြောင်း မိုးကုတ်ဒေသခံတဦးက မှတ်ချက်ပြုသည်။
“မြို့ထဲမှာတော့ တရုတ်ကပြန်လာပြီးမှ ဒီလိုလုပ်တာလို့မှတ်ချက်ပေးတာများတယ်” ဟု မိုးကုတ်ဒေသခံက ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် ပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြရန်နှင့် လူစုလူဝေးမပြုလုပ်ကြရန်၊ လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ သတိပေးထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) မှ နိုဝင်ဘာ ၁၂ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ၁၀၂၇ စစ်ဆင်ရေး တနှစ်တာကာလ၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးရသည့် အပြစ်မဲ့ ပြည်သူအရေအတွက်မှာ ၃၂၀ ဦးရှိကြောင်း တအာင်းအဖွဲ့အစည်း ငါးဖွဲ့ စုပေါင်းဖွဲ့စည်းထားသည့် လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်၏ အောက်တိုဘာ ၂၇ ရက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူသေဆုံးထိခိုက်အရေအတွက်မှာ ၄၀၁ ဦး၊ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါနှင့် အသက်ဆုံးရှုံးရသူ ၁၂၉ ဦးအပါအဝင် ၁၀၂၇ စစ်ဆင်ရေးတနှစ်တာအတွင်း အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အရပ်သားသေဆုံးထိခိုက်အရေအတွက် ၁,၀၁၁ ဦးရှိကြောင်း သိရသည်။
စာတည်း – သန့်ဇော်(သန်လျင်)
#mizzima