တရုတ် – မြန်မာနယ်စပ်၊ KIA ထိန်းချုပ်ရာ လိုင်ဇာနယ်စပ်ဂိတ် အပါအဝင် လွယ်ဂျယ်နဲ့ ကံပိုင်တည်ဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က ပြန်ပိတ်ထားတယ်လို့ KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လွယ်ဂျယ်ဂိတ်ကိုရော ကံပိုင်တည်နဲ့ လိုင်ဇာကိုပါ ကချင်ဘက်က ပိတ်လိုက်တာလို့ KIA နဲ့ နီးစပ်သူယောက်က ပြောပါတယ်။
“တရုတ်ဘက်က လွယ်ဂျယ်နဲ့ ကံပိုင်တည် ဖွင့်မယ်လို့ ပြောပေမဲ့ KIA ဘက်က ဖွင့်မယ်ဆိုရင် အကုန်ဖွင့်၊ မဖွင့်ဘူးဆိုရင် လုံးဝတဂိတ်မှ မဖွင့်ဘူးလို့ဆိုပြီး အကုန်ပိတ်ထားတယ်။”
နယ်စပ်နေ ဒေသခံတယောက်ကလည်း “လိုင်ဇာ နယ်စပ်ဂိတ်က မဖွင့်ဘူး။ KIA ဘက်က ပိတ်လိုက်တာ။ တရုတ်တွေက တံခါးဖွင့်ထားတယ်” လို့ ပြောပါတယ်။
တရုတ်ဘက်ကတော့ မြန်မာနိုင်ငံသားတွေကို တရုတ်ဘက်က ထုတ်လိုက်ပြီး မြန်မာဘက်ခြမ်းက တရုတ်နိုင်ငံသားတွေကို ပြန်ခေါ်ယူနေပါတယ်။
ဒေသခံတယောက်က “တရုတ်ဘက် ဝင်သွားရင် ပြန်ထွက်လို့ မရတော့ဘူး။ ထွက်သွားတဲ့ လူတွေလည်း ပြန်ဝင်လို့ မရတော့ဘူး။ KIA ဘက်က သံတံခါးနဲ့ကို ပိတ်ချလိုက်ပြီ” လို့ ရှင်းပြပါတယ်။
လိုင်ဇာရဲ့ တဖက်ကမ်း တရုတ်ဘက်ခြမ်းမှာတော့ တရုတ်ဘက်က ကားတွေ လိုင်ဇာဘက် ဝင်ဖို့ တန်းစီနေကြတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်-မြန်မာ နယ်စပ်ရှိ KIA ထိန်းချုပ်နေရာက နယ်စပ်ဂိတ်တွေကိုတော့ KIA ဘက်က ပြန်ပိတ်လိုက်တာ သီတင်း ၂ ပတ်ကျော်ပြီဖြစ်တယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လကစ အခု နိုဝင်ဘာလအထိ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ကချင်ပြည်နယ် နယ်စပ် ဂိတ် အများစုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။