မင်းအောင်လှိုင် တရုတ်မှ ပြန်လာပြီးနောက် ကရင်နီ၊ ရခိုင်နှင့် ရှမ်းမြောက်တို့ တွင် စစ်ကူ အင်အား အလုံးအရင်းဖြင့် ဖြည့်ဆည်းလာ၊ နိုဝင်ဘာလ တာဝန်ချဇယားအရ စစ်လေယာဉ်အတက်အဆင်း များပြားနေ၍ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်နိုင်
ရန်ကုန်၊ နိုဝင်ဘာ ၁၃
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံတွင် မဲခေါင်အစည်းအဝေး တက်ရောက်၍ မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိလာပြီးနောက် ကယား(ကရင်နီ)၊ ရခိုင်နှင့် ရှမ်းမြောက်တို့တွင် စစ်ကူအင်အားများ အလုံး အရင်းဖြင့် ဖြည့်ဆည်းလာကြောင်း ဒေသသတင်းရင်းမြစ်များနှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲခေါင်အစည်းဝေး တက်ရောက်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ပြန် လည် ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့၊ နိုဝင်ဘာလ ၁၂ ရက်နေ့တို့တွင် ရှမ်းမြောက်၊ ကရင်နီ နှင့် ရခိုင်တို့တွင် စစ်ကူအင်အားများကို မြေပြင်မှလည်းကောင်း၊ လေကြောင်းဖြင့် လည်းကောင်း အဆက်မပြတ် ဆက်တိုက်ပေးပို့မှုများရှိနေကြောင်း သိရှိရသည်။
“မိုင်းရယ်ဘက်ကို စစ်ကူအင်အားတွေ ဆက်တိုက် လွှတ်နေပါတယ်။ ရှမ်းတောင်ဘက်က တပ်တွေ တော်တော်များများ၊ ထုတ်နုတ်အင်အားတွေ ထပ်ပြီး ပေးခိုင်းတာရှိတယ်။ ပြည်သူ့စစ်၊ စစ်မှုထမ်းနဲ့ လက်ရုံးတပ်တွေက အင်အားတွေ ထုတ်နုတ်ပြီး ပေးခိုင်းနေတာ။ ဒီရက်ပိုင်းထဲ ပိုပြီးတော့ အင်အားတွေ ဆက်တိုက်ပို့နေတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အင်အား ၄၀၀၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အင်အား ၂၀၀ ပို့ဆောင် တယ်လို့သိရပါတယ်” ဟု တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
အလားတူ ကရင်နီပြည်နယ်နှင့် ရှမ်းတောင် ဖယ်ခုံဘက်တွင်လည်း ယခု ၂ ရက်အတွင်း စစ်အင်အားများ မြေပြင်မှ ပေးပို့လျက်ရှိကြောင်း၊ ရရှိထားသော သတင်းအချက်အလက်များအရ ဖယ်ခုံမြို့သို့ စစ်အင်အား ၂၅၀ ဝန်းကျင်ပေးပို့ထားကြောင်း၊ ကရင်နီပြည်၊ လွိုင်ကော်မြို့သို့လည်း စစ်အင်အား ၃၀၀ ဝန်းကျင် ထပ်မံ ဖြည့်တင်းထားသည်ဟု သိရှိရကြောင်း တပ်သတင်းရင်းမြစ်တချို့က ဆိုသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့လည်း လေကြောင်းမှ တစ်ဆင့် စစ်ကူအင်အားများ၊ လက်နက်ခဲယမ်းများ ပေးပို့မှုများရှိသည့်အပြင် စစ်ကောင်စီ ၏ ရေတပ်မှ စစ်သင်္ဘောတချို့ပါ သွားရောက် အင်အားဖြည့်လျက်ရှိကြောင်း ၊ စစ်အင်အား အရေအတွက်ကိုမူ အတိအကျ သိနိုင်ရန် အခက်အခဲရှိကြောင်း သိရှိရသည်။
“ရခိုင်၊ ကယား၊ ရှမ်းတောင်နဲ့ ရှမ်းမြောက်ဘက်မှာ ဒီရက်ပိုင်း စစ်အင်အားဖြည့်တာတွေ အတော်များလာလို့ ထိုးစစ်တွေ ပိုများလာနိုင်ပါတယ်။ စစ်ရေး ညွှန်ကြားချက်အသစ် ထုတ်တာမျိုး မတွေ့ရဘဲ အင်အားတွေ ဖြည့်နေတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် သတိထားရမယ်ထင်ပါတယ် ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုသည်။
ထို့ပြင် နိုဝင်ဘာလအတွက် စစ်လေယာဉ်နှင့် လေယာဉ်မှူးများ တာဝန်ချထားသည့် စာရင်းများ ထွက်ရှိနေပြီး ယခင် အောက်တိုဘာလထက် စစ်လေယာဉ် အတက်အဆင်းမှာ ပိုမိုများပြားလာကြောင်း၊ ထို့ကြောင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြား လာနိုင်သည်ဟု ဆိုနိုင်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကဆိုသည်။
ယမန်နေ့ နောင်ချိုမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ် ဆောင်ခဲ့ရာတွင် တစ်ရက်တည်း ပြည်သူ ၂၀ ကျော်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- နိုဝင်ဘာလ ၁၀ ရက်နေ့ နေပြည်တော်သို့ ပြန်လည် ရောက်ရှိလာသော အကြမ်းဖက် မင်းအောင်လှိုင်။