မင်္ဂလာဒုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်

by

in

မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံတချို့ ထိခိုက်မှုရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်လမ်း(ဘိုခြံလမ်း) ပေါ်ရှိ ၏ ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံတချို့ ထိခိုက်မှုရှိကြောင်း Operation Flame (OF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်လမ်း (ဘိုခြံလမ်း)ပေါ်ရှိ ရွှေနံံ့သာရပ်ကွက်အုပ်ချုပ်ရေးးမှူးရုံးကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး စစ်ကောင်စီလက်အောက်ခံ တချို့ ထိခိုက်မှုအချို့ရှိခဲ့ကြောင်း ၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
“အဲ့ဒီရုံးမှာ စခတွေရယ် စခ နောက်လိုက် လူမိုက်တွေရယ် အမြဲရှိပါတယ်။ ညဘက်ဆို လမ်းသွားလမ်းလာတွေကို မထင်ရင် မထင်သလို စစ်ဆေးပြီး ပိုက်ဆံတောင်းတယ်။ ဧည့်စာရင်း မထင်ရင် မထင်သလို စစ်ပြီး စစ်မှုထမ်းပါတဲ့လူတွေကို မတရား ပိုက်ဆံတောင်းနေကြလို့
အဝေးထိန်းမိုင်း တလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ စခ၊ ရခတွေနဲ့ လူနာတင်ယာဉ်တွေ ခြေရှုပ်သွားခဲ့တယ်” ဟု Operation Flame (OF)မှ သတင်းပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို Operation Flame (OF)က အဓိက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောဆိုသည်။
ဓာတ်ပုံ- မင်္ဂလာဒုံတွင် ဂိတ်ချ စစ်ဆေးနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

မင်္ဂလာဒုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်
သတိုး၊သုည/People’s Spring
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေနံ့သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့တာဝန်ခံက လူထုနွေဦးသို့ ပြောသည်။
“အဝေးထိန်းမိုင်းတစ်လုံးနဲ့ ဖောက်ခွဲခဲ့ပါတယ်။ အထိအခိုက်အခြေအနေတော့ မသိရသေးပါဘူးဗျ။ လူနာတင်ကားတွေနဲ့ စခ၊ရခတွေ ခြေရှုပ်သွားတယ်ဆိုတာတော့ သိရပါတယ်”ဟု ၎င်းက ပြောသည်။
မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်လမ်း (ဘိုခြံလမ်း)ပေါ်ရှိ ရွှေနံ့သာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာ ၁၂ရက် ည ၇နာရီခန့်တွင် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်များအားလုံးဘေးကင်းကြောင်း ၎င်းက ဆိုသည်။
အဆိုပါရပ်ကွက်ရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နောက်လိုက် လူမိုက်များအမြဲရှိပြီး ညဘက်တွင် လမ်းသွားလမ်းလာများအား စစ်ဆေးကာ ပိုက်ဆံတောင်းခံလေ့ရှိသည်ဟု အထက်ပါတာဝန်ခံက ပြောသည်။
“ဧည့်စာရင်း မထင်ရင်၊ မထင်သလို စစ်ပြီး စစ်မှုထမ်းပါတဲ့လူတွေကို မတရား ပိုက်ဆံတောင်းနေကြ” ဟု ယင်းရုံးနှင့်ပတ်သက်၍ ၎င်းက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီကားများရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဘိုခြံလမ်းအတွင်းသို့ စစ်ကောင်စီကားများအပါအဝင် လူနာတင်ကားများလည်း ဝင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မင်္ဂလာဒုံဘက်မှာ ည ၇ နာရီလောက် အကျယ်ကြီးကြားလိုက်ရတယ်။ ဘိုခြံလမ်းဘက်က အုပ်ကြီးရုံးပေါက်တာလို့တော့ သိရတယ်။ စစ်ကားတွေ လူနာတင်ကားတွေ ဘိုခြံလမ်းဘက်မှာ ရှုပ်ရှက်ခတ်နေတယ်။ လူထိခိုက်မှ ရှိတယ်လို့ ကြားပေမယ့် အတိအကျတော့ မသိရသေးပါဘူး။ ဖြစ်ဖြစ်ချင်းတော့ ဘိုခြံလမ်းနဲ့ အမှတ်(၃)လမ်းပေါ်မှာ စစ်သားတွေ စစ်ဆေးနေတာ တွေ့ခဲ့ပါတယ်”ဟု မင်္ဂလာဒုံမြို့နယ်နေပြည်သူတစ်ဦးက ပြောသည်။
OFအဖွဲ့အနေဖြင့် ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့် အတူလက်တွဲကာ စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်မည်ဟု အသိပေးထားသည်။