တံတားဦးမြို့တွင် စစ်တပ်က လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ၍ နေ့စားလုပ်သားများ အလုပ်သွားရန် အခက်တွေ့
အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ တံတားဦးမြို့တွင် စစ်ကောင်စီတပ်က လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ၍ နေ့စားအလုပ်သမားများ အလုပ်သွားလာရန် အခက်တွေ့နေကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းမှစတင်ကာ တံတားဦးမြို့ပေါ်နှင့် အင်းဝမြို့ဟောင်း၊ ဒုဌဝတီတံတားပေါ်တို့၌ စစ်ကောင်စီတပ်က နာရေးကူညီမှုအသင်းကားများအား ချောဆွဲကာ လိုက်လံဖမ်းဆီးခဲ့ရာ လူငယ် ၇၀ကျော် ဖမ်းဆီးခံခဲ့ရသည်။
ထို့အပြင် ယမန်နေ့(နိုဝင်ဘာ ၁၁ ရက်)တွင်လည်း စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးနေ၍ တံတားဦးမြို့နယ်မှ မန္တလေးမြို့သို့ အလုပ်သွားရောက်လုပ်ကိုင်မည့် ပန်းရံ၊ လက်သမား၊ ဆေးသုတ်နေ့စားသမားများ၊ ကုမ္ပဏီဝန်ထမ်းနှင့် အခြားစျေးရောင်းစျေးဝယ်ပြုလုပ်သူများမှာ မသွားရဲတော့ဘဲ အလုပ်ရပ်နားထားရကြောင်း ဒေသခံများက ပြောသည်။
“အလုပ်တောင် မသွားရဲကြတော့ဘူး။ကျွန်တော်တို့ဘက်တွေဆို တစ်ရက် ယောက်ျားလေး လုပ်အားခတစ်သောင်းခွဲလောက်ရကြတာ။”ဟု တံတားဦးဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ကမူ လူငယ်များထွက်မလာ၍ ဖမ်းဆီးရရှိမှုနည်းပါးသောကြောင့် တံတားဦးမြို့ပေါ်ရပ်ကွက်များမှ စစ်မှုထမ်းလူငယ်များပေးပို့ရန် စစ်ကောင်စီက ဖိအားပေးထားကြောင်း မြို့ခံအချို့က ပြောသည်။
နိုဝင်ဘာ ၉ရက် နံနက်ပိုင်းကလည်း စစ်ကိုင်းတံတား(ရတနာပုံတံတား)၊ စစ်ကိုင်းမြို့ဘက်ခြမ်း စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် မန္တလေးကျောက်ဝိုင်းသွားမည့် ကျောက်သမားများအပါအဝင် လူငယ် ၄၀နီးပါး စစ်မှုထမ်းရန်ဆိုကာဖမ်းဆီးခံခဲ့ရသည်။
အလားတူ မန္တလေးမြို့တွင်လည်း စစ်မှုထမ်းရန်အတွက် လူငယ်များအား ဆင့်ခေါ်ခြင်း၊ အဓမ္မဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။
တံတားဦးမြို့တွင် စစ်မှုထမ်းအပတ်စဥ်သစ်စတင်တိုင်း လူငယ်အများအပြားအား စစ်ကောင်စီတပ်က ရာချီဖမ်းဆီးခေါ်ဆောင်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် စစ်မှုထမ်းအပတ်စဥ်(၇)စတင်ရန် ကြိုးစားနေပြီး ဒေသအသီးသီး၌ စစ်မှုထမ်းရန်လူငယ်များအား ဆင့်ခေါ်နေသည်။
(အဓမ္မစစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့်လူငယ်များအား အောက်တိုဘာအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-စကစ)