ကျုံပျော်မှာ AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး စစ်ကောက်စီက မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကြပ်ထား

by

in

ကျုံပျော်မှာ AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး စစ်ကောက်စီက မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကြပ်ထား
နိုဝင်ဘာ ၁၂၊ ၂၀၂၄
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းမှာ အရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ ရောက်နေပြီဆိုပြီး စစ်ကောင်စီတပ်က မြို့ရဲ့အတွင်းအပြင် လုံခြုံရေးတင်းကြပ်ကာ ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဲ့လိုအကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်သားတွေ ကင်းလှည့်တာ၊ ကင်းပုန်းဝပ်တာ၊ နယ်မြေရှင်းလင်းတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရခိုင်နယ်စပ်လမ်းကြောင်းနဲ့ နီးတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် AA တွေ ရောက်နေလို့ဆိုတာ အကြောင်းပြချက်ပါ။ အလုပ်ပြနေတဲ့သဘောပဲ။ AA က သူတို့လို ခိုးချောင်ခိုးဝှက်နဲ့ ဝင်ပါ့မလား။ ရှေ့တန်းထွက်ရမှာစိုးလို့ မြို့တွင်းမှာ အလုပ်ပြနေတာ ဖြစ်နိုင်သလို ဒေသခံတွေကို အကြောင်းပြပြီး ငွေညှစ်ဖို့လည်းဖြစ်နိုင်တယ်” လို့ ကျုံပျော်ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။
ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းထဲကို ဝင်လာနိုင်တဲ့ လမ်းကြောင်း​တွေမှာလည်း လုံခြုံရေးတင်းကြပ် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ခရီးသွားပြည်သူတချို့ဆီက သိရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရာ အမ်းမြို့အပါအဝင် တောင်ကုတ်၊ မောင်တော စတဲ့ ဒေသတွေမှာ AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ဧရာဝတီတိုင်းထဲက စစ်သင်တန်းဆင်း တပ်သားအများစုကို ရခိုင်စစ်မျက်နှာဆီ ပို့ဆောင်နေတာ ဖြစ်ပါတယ်။
ပုံစာ – အကြမ်းဖက်စစ်သားတချို့ (ပုံဟောင်း)