ပုလဲမြို့ကို BNRA နဲ့ မဟာမိတ်တွေက တိုက်ခိုက်လို့ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်၊
စစ်အုပ်စုက နှစ်ရက်ဆက် လေကြောင်းဗုံးကြဲလို့ ဒေသခံတွေ သေဆုံးမှု ရှိကာ ထွက်ပြေးနေရ၊
မောင်သက်/MFP၊ နိုဝင်ဘာ – ၁၂
စစ်ကိုင်းတိုင်း၊ ပုလဲမြို့က စစ်အုပ်စု အထိုင်စခန်းတွေကို စလို့ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် – BNRA နဲ့ မဟာမိတ် တော်လှန်ရေး တပ်တွေက စီးနင်းဝင်ရောက် တိုက်ခိုက်လို့ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်နေပြီး စစ်အုပ်စုကလည်း မြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေကို အဆက်မပြတ် လေကြောင်း ဗုံးကြဲနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
နိုဝင်ဘာလ ၁၁ရက် မနက်ပိုင်းက စတင်ကာ ပုလဲမြို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒီကနေ့အထိလည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ပုလဲမြို့ပေါ် ရပ်ကွက်နဲ့ မြို့အနီးက ကျေးရွာတွေကို စစ်အုပ်စုက နှစ်ရက်ဆက် တိုက်လေယာဉ်နဲ့ ၁၀ ကြိမ် ထက်မနည်း ဗုံးကြဲလို့ ဒေသခံ သုံးဦး ထက်မနည်း သေဆုံးသလို ဒဏ်ရာရသူတွေလည်း ရှိပြီး ထွက်ပြေး နေရတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲက နှစ်ရက်ရှိပြီ။ လေကြောင်း ပစ်တာက ၁၀ကြိမ်ခန့်တော့ ရှိနေပြီ။ ဒီနေ့မနက် သုံးကြိမ်လာပြီး Jetfighter (တိုက်လေယာဉ်) နဲ့ လာပြီး ဗုံးချတယ်။ အထိခိုက်တော့ မသိဘူး” လို့ ပုလဲမြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
မနေ့က ဗုံးကြဲခံရမှုအတွင်း ပြည်သူ သုံးဦး သေဆုံးကာ ဒဏ်ရာရသူတွေ များပြားပြီး ဒဏ်ရာရသူတွေထဲက နှစ်ဦး ပြင်းထန်တယ်လို့ အထက်ပါ ပုလဲမြို့ခံက ပြောပါတယ်။
လက်ရှိမှာ ပုလဲမြို့က ပြည်သူတွေ ထွက်ပြေးနေရပြီး ဒေသခံ တော်လှန်ရေး တပ်တွေက ကူညီကယ်ဆယ်ရေး လုပ်နေတယ်လို့ ဆိုပါတယ်။
“၁၁.၁၁. ၂၀၂၄ ရက်တွင် ပုလဲမြို့ပေါ်သို့ စကစဖက်မှ လေကြောင်းတိုက်ခိုက် ပြုလုပ်ခဲ့ရာ ရဲစခန်း အရှေ့မြောက်ဖက်ရှိ မြို့နယ်လျှပ်စစ် ဝန်ထမ်း အိမ်ယာ ပေါ်သို့ ပေါင်(၅၀၀) ဗုံး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့နယ် လျှပ်စစ်မှူး ဦးကျော်ဆန်း သေဆုံးခဲ့ပြီး ၎င်းဇနီး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး အခြေအနေ စိုးရိမ်ရ။ ရဲစခန်း အနောက်ဖက် သုံးထပ် ဝန်ထမ်းအိမ်ယာတွင် နေထိုင်သော ထွေအုပ် NON CDM စာရေး ကိုဇင်မောင် + မမျိုးဦး တို့ မိသားစုမှာ မမျိုးဦးနှင့် သားဖြစ်သူ သေဆုံးကာ ကိုဇင်မောင် သည် ဒဏ်ရာပြင်းထန်စွာ ရရှိ” လို့ ယင်းမာပ်ငနယ် အခြေပြု ကျားသစ်နက်တပ်မတော်က ဖော်ပြပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်တချို့လည်း ထိခိုက် ကျဆုံးမှု ရှိတယ်လို့ ဆိုပြီး နှစ်ဖက် ထိခိုက် ကျဆုံးမှု အခြေအနေကို MFP အနေနဲ့ မသိရသေးပါဘူး။
ပုလဲနယ်က ကျေးရွာအများစုကို တော်လှန်ရေး တပ်တွေက စိုးမိုး ထိန်းချုပ်ထားပေမယ့် ပုလဲမြို့ပေါ်နဲ့ ပျူစောထီး ကျေးရွာတချို့မှာ စစ်အုပ်စု ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
BNRA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်/Photo – BNRA