တရုတ်နိုင်ငံခြားရေးဝန်ကြီး ယနေ့ မွန်းတည့်အချိန် နေပြည်တော် ရောက်ရှိမည် ■ နေပြည်တော်တွင် အာဏာသိမ်းမှု ထပ်ဖြစ်ရန်မှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးပြီး တတ်စွမ်းနိုင်သူမှာ တစ်ဦးတည်းသာ ရှိဟု စစ်ဘက်သတင်းရင်းမြစ် ပြောဆို

by

in

တရုတ်နိုင်ငံခြားရေးဝန်ကြီး ယနေ့ မွန်းတည့်အချိန် နေပြည်တော် ရောက်ရှိမည်
■ နေပြည်တော်တွင် အာဏာသိမ်းမှု ထပ်ဖြစ်ရန်မှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးပြီး တတ်စွမ်းနိုင်သူမှာ တစ်ဦးတည်းသာ ရှိဟု စစ်ဘက်သတင်းရင်းမြစ် ပြောဆို
ရန်ကုန်၊ ဩဂုတ် ၁၄
အကြမ်းဖက် စစ်ဗိုလ်ချုပ်များအကြား အာဏာလုယူမှုများဖြစ်ပေါ်သည်ဆိုသော အတည်မပြုနိုင်သေးသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယနေ့ မွန်းတည့်အချိန် နေပြည်တော်လေဆိပ်သို့ ဆိုက်ရောက်ရန်ရှိနေကြောင်း သိရှိရသည်။
လတ်တလော သိရှိထားရသော ကြိုတင်စီစဉ်ထားသည့် အစီအစဉ်ဇယား သတင်းအချက် အလက်များအရ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိလိုက်ပါသော လေယာဉ်သည် ယနေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်ဝန်းကျင်အချိန် နေပြည်တော်လေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံဘက်က လုံခြုံရေးနှင့် ကြိုဆိုရေးများ စီစဉ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ကိုးကြိမ်မြောက် မဲခေါင် – လန်ချန်းပူး ပေါင်းဆောင် ရွက်ရေးအစီအစဉ်၏ နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်သို့ ရောက်ရှိချိန်သည် စစ်တပ်အတွင်း စစ်ဗိုလ်ချုပ်များအကြား အချင်းချင်း ဖမ်းဆီးမှုနှင့် အာဏာသိမ်းမှုများ ဖြစ်ပေါ်ခဲ့သည်ဆိုသော အတည်ပြုနိုင်ခြင်းမရှိသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေချိန်ဖြစ်ရာ ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် ပြည်တွင်းပြည်ပ စိတ်ဝင်စားမှုများ မြင့်တက်လျက်ရှိသည်။
သို့ရာတွင် တရုတ်ဘက်က ထုတ်ပြန်မှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင် ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်ကြောင်း၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ခြင်း မပြုသည့် အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွား၍ မြန်မာ နိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေး နွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
နေပြည်တော်အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်၏ စစ်တပ် ဖရဲသီးသတင်း ရင်း မြစ်တချို့က လက်ရှိအချိန်အထိ အာဏာသိမ်းမှု ဖြစ်သည်ဆိုသော သတင်းများ အပေါ် အတည်ပြု မရကြောင်း၊ စစ်ရေးအရ ရှုံးနိမ့်များစွာ ရှိနေ၍ မင်းအောင်လှိုင်ကို စစ်တပ်အတွင်း လက်မခံနိုင်သည်မှာ မှန်သော်လည်း မင်းအောင်လှိုင်ထံမှ ပြန်၍ အာဏာသိမ်းရန်အထိ ဖြစ်ရန်မှာ အလား အလာအား ဖြင့် အလွန် နည်းပါးကြောင်း၊ သို့ရာတွင် မင်းအောင် လှိုင်ထံမှ ပြန်လည် အာဏာသိမ်းရန် အမှန် တကယ်လုပ်ဆောင် တတ်စွမ်း နိုင်သူမှာ တစ်ဦးတည်းသာရှိကြောင်း၊ ထိုသို့ စွမ်းနိုင်သူမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ နှင့် ၎င်း၏ ဩဇာခံ စစ်ဗိုလ်ချုပ်များကသာလျှင် အာဏာ ထပ်သိမ်းနိုင်စွမ်း၊ လုပ်နိုင်စွမ်းရှိလိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုကြသည်။
အကြမ်းဖက်စစ်တပ်အတွင်း အပြောင်းအလဲ၊ အရွှေ့အပြောင်းသတင်းများကို အစဉ် တစိုက် ဖော် ထုတ် တင်ပြနေသော CDM ဗိုလ်ကြီးဇင်ယော်ကမူ အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်ကောင်စီ၏ အတွင်းရေးမှူး အောင်လင်းဒွေးက ပြန်လည် ဖမ်းဆီးထားကြောင်း ၊မင်းအောင်လှိုင် ၏ ရူးကြောင်ကြောင် အမိန့်များကို မနာခံလိုသည့် အတွက် အောင်လင်းဒွေးက ပြန်လည် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“လောလောဆယ်တော့ လုံးဝအဖမ်းခံသွားရပါပြီ။ အဲဒါကတော့ သေချာပါတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *