ပြင်ဦးလွင်တွင် လက်နက်ကြီးပစ်သံများ ကြားရ

by

in

ပြင်ဦးလွင်ရှိ စစ်ကောင်စီတပ်က TNLA သိမ်းထားသည့် နောင်ချိုမြို့နယ်ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း၊ ပြင်ဦးလွင်ကို စွန့်ခွာသူ ပိုမို များပြားလာကြောင်း သိရသည်။

စစ်တက္ကသိုလ်ကြီးများအခြေစိုက်ရာ မေမြို့ ခေါ် ပြင်ဦးလွင်မြို့တွင် လက်နက်ကြီးပစ်ခတ်သံများ ယနေ့ (ဩဂုတ် ၁၃) နံနက် ၇ နာရီခန့်မှစကာ ထွက်ပေါ်လာကြောင့် မြို့ခံများ ထိတ်လန့်နေသလို မြို့ကို စွန့်ခွာသူများလည်း ရှိလာကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ပြင် ထုံးဘိုကျေးရွာအနီး ဧကတစ်သောင်းခြံတွင် အခြေစိုက်သော စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်သည်၊ မြို့မြောက်ဘက် ၁၉ မိုင်ခန့်အကွာရှိ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာဘက်ခြမ်းသို့ ပစ်ခတ်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတချို့က ပြောသည်။

ယနေ့နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်သံ ၁၀ ချက်ထက်မနည်း ကြားရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“ခြောက်လန့်ပြီး လှမ်းထုနေတာ။ ဘန့်ဘွေးဘက်ကို လှမ်းထုတာ။ တိုက်ပွဲတော့ မပြောတတ်သေးဘူး။ အဲဒီဘက်ရွာတွေလည်း အကုန်ရှောင်ထားကြပြီ” ဟု ထုံးကုန်းကျေးရွာမှ ယင်းအမျိုးသမီးက ဆိုသည်။

လက်နက်ကြီးပစ်ခတ်သံများကို ပြင်ဦးလွင်မြို့ပြင်ရွာများဖြစ်သည့် ထုံးကုန်း၊ ထုံးဘို၊ ကုန်းဘော၊ မိုးကြိုးပစ်ရွာတို့အပြင် မြို့တွင်းရပ်ကွက်များဖြစ်သည့် ရေချမ်းအိုး၊ ရေငယ်နှင့် မြို့လည်ကောင်နေရာများအထိပါ ကြားနေရကြောင်း၊ မြို့ခံများလည်း တဖြည်းဖြည်းရွှေ့ပြောင်းနေကြသည်ဟု ကြားသိရကြောင်း ထိုအမျိုးသမီးက ဆက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ၏ ပြောရေးဆိုခွင့်ရှိသူက ပြင်ဦးလွင်နှင့် နောင်ချိုအကြား ဘန့်ဘွေးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းသာဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီး တိုက်ပွဲ ဆက်ဖြစ်ပွားနေပြီး အသေးစိတ်အခြေအနေ မသိရသေးကြောင်း MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က Myanmar Now ကို ပြောသည်။

စစ်တက္ကသိုလ်ကြီးများအခြေစိုက်ပြီး တပ်မိသားစုဝင်အများအပြားရှိရာ ပြင်ဦးလွင်မြို့နှင့် အနီးဆုံးဖြစ်သည့် အရှေ့မြောက်ဘက် ၃၅ မိုင်ခန့်အကွာမှ နောင်ချိုမြို့ကို တအာင်းတပ် (TNLA) က သိမ်းပိုက်ထားပြီး နောင်ချိုမြို့၏ မြောက်ဘက် တောင်ခမ်းကျေးရွာအနီး ယခုရက်ပိုင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဩဂုတ် ၁၁ ရက်က နောင်ချိုမြို့နယ် တောင်ခမ်းရွာတွင် အမြောက်တပ် (၉၀၂) တပ်၊ မက်မန်းတောကျေးရွာတွင် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၂)၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅) တပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ (၃၀၆) တပ်ရင်းများနှင့် တိုက်ပွဲဖြစ်နေကြောင်း TNLA က ထုတ်ပြန်ထားသည်။ အဆိုပါ နောင်ချိုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်က လေယာဉ် ၂ စီးဖြင့် ဗုံးအလုံး ၂၀ ကြဲချခဲ့ကြောင်း ဖော်ပြထားသည်။

ပြင်ဦးလွင်မြို့ပြင်အနီး ရေငယ်ရပ်ကွက်နေထိုင်သူ အမျိုးသားတစ်ဦးကလည်း တိုက်ပွဲဖြစ်ပွားရာ နောင်ချိုမြို့နယ်ဘက်သို့ စစ်ကောင်စီက လက်နက်ကြီးစစ်ကူပေးနေခြင်းဟု ယူဆသည်။

“နောင်ချို တောင်ခမ်းဘက်မှာ တိုက်နေတဲ့ တော်လှန်ရေးတပ်တွေကို ဒီကအပေါ်စီးကနေ အမြောက်တွေနဲ့ လှမ်းထုနေတာလို့ထင်တယ်။ ခံစစ်ကူပေးနေတာ။ အသံတွေက အတော်ကျယ်တယ်။ ခုထိ ထုနေတုန်းပဲ” ဟု ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

ပြင်ဦးလွင်မြို့အရှေ့ဘက် မိုင် ၅၀ ကျော်အကွာတွင် ရှိသော တောင်ခမ်းရွာသည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်သို့ သွားရာ လမ်းကြောင်းပေါ်မှ ကျေးရွာဖြစ်သည်။

ထို့ပြင် ပြင်ဦးလွင်နှင့် မန္တလေးကြားရှိ ပုသိမ်ကြီးမြို့နယ်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တပ်များက ဝင်တိုက်နေသည်။

ထိုအခြေအနေတွင် စစ်ရိပ်စစ်ငွေ့သန်းလာသည့် ပြင်ဦးလွင်မြို့သို့ စစ်မီးကူးလာနိုင်သည်ဟု ယူဆကြပြီး ယခုနှစ် ဩဂုတ်လဆန်းကတည်းက တပ်မိသားစုဝင်များနှင့် မြို့ခံများက တဖြည်းဖြည်း ရွှေ့ပြောင်းနေကြသည်။

“တိုက်ပွဲက ဖြစ်တာက ဖြစ်မှာ။ ယူဆရတာက သီပေါကို သိမ်းပြီးရင် ပြင်ဦးလွင်ဘက် ကူးလာကြမယ်ပေါ့။ ဒါ့ကြောင့် တဖြည်းဖြည်းရွှေ့နေကြတာ။ တပ်မိသားစုတွေရော၊ ဒေသခံတွေရော အကုန်ရွှေ့နေကြတယ်။ မရွှေ့ပြောင်းကြတဲ့ နယ်ခံတွေလည်း ရှိတယ်” ဟု အထက်ပါ ရေငယ်ရပ်ကွက်နေ အမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်ရင်း ၃ ခု အခြေစိုက်သည့် သီပေါမြို့ ပတ်ပတ်လည်ပိတ်ဆို့ခံထားရစဉ် စစ်ကောင်စီ လေတပ်က ပစ်ကူနေသည်၊ ဩဂုတ် ၁၁ ရက်နေ့ကလည်း Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံး ၈၅ လုံး ကြဲချခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က ပြင်ဦးလွင်မြို့ပြင်အနီး ပွဲကောက်ရေတံခွန်၏အနောက်ဘက် ဘုရားကုန်း၊ မြို့ရှောင်လမ်းအနီး စစ်ဆေးရေးဂိတ်၊ စစ်တက္ကသိုလ် DSA ၏ အနောက်ဘက် ဆင်လမ်းရပ်ကွက်၊ မြို့ပြင် ဧကတစ်သောင်းခြံနှင့် ဝက်ဝံစစ်ဆေးရေးဂိတ်တို့တွင် ခံစစ်အကြီးအကျယ်ပြင်ကာ နေရာယူထားကြောင်း ဒေသခံများက ပြောကြသည်။

ယင်းအပြင် စစ်တပ်လေ့ကျင့်ရေးကျောင်းများအနီးတွင်လည်း စစ်ဆေးရေးဂိတ်များနှင့် ဘန်ကာများ ဆောက်လုပ်ထားသည်။ ရဲရွာလမ်းနှင့် ဆက်စပ်နေသည့် အနီးစခန်းရပ်ကွက်လမ်းပိုင်းတွင်လည်း တပ်စွဲထားသည်။ ထို့ပြင် ပြင်ဦးလွင်နှင့် မန္တလေးအကြား သုံးတောင်ကျေးရွာနှင့် ပြင်စာရွာအကြား ရတနာပုံဆိုက်ဘာစီးတီးတက္ကသိုလ်တို့တွင်လည်း တပ်စွဲနေရာယူထားသည်ဟု သိရသည်။

အထက်ပါ စစ်ရေးပြင်ဆင်မှုပြုလုပ်ထားစဉ် မြို့အတွင်းမြို့အပြင် ဈေးဆိုင်အများအပြား ပိတ်ထားသည်၊ လမ်းသွားလမ်းလာ နည်းပါးကာ မြို့မှာ ခြောက်ကပ်တိတ်ဆိတ်သွားသည် ဆိုသည်။

မြို့မှ တိမ်းရှောင်မှုအခြေအနေများကြောင့် ပြင်ဦးလွင်မှ အခြားမြို့များသို့ ယာဉ်လိုင်းများ အသုံးပြုလိုသူ များပြားနေပြီး ကားခ ဈေးနှစ်ဆခန့် တက်သွားသလို လက်မှတ် အလွယ်တကူဝယ်ယူနိုင်ကြခြင်း မရှိတော့ကြောင်း စုံစမ်းသိရှိရသည်။