ဂွမြို့နယ် ပုဂံတောင်ရှိ အမြောက်တပ်စခန်းကို AAသိမ်းပိုက်၊ တိုင်ကျိုးကို စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းတပ်ပျက်ကာ ၅၀ ခန့်သေဆုံး

by

in

ဂွမြို့နယ် ပုဂံတောင်ရှိ အမြောက်တပ်စခန်းကို AAသိမ်းပိုက်၊ တိုင်ကျိုးကို စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းတပ်ပျက်ကာ ၅၀ ခန့်သေဆုံး
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ စစ်ကောင်စီ၏ ပုဂံတောင်ရှိ အမြောက်တပ်စခန်းနှင့် တိုင်ကျိုးရှိ စစ်ကောင်စီ အထိုင်ချစခန်းတို့ကို အာရက္ခတပ်တော် (AA) က သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ပုဂံတောင်ရှိ စစ်ကောင်စီ၏ အမြောက်တပ်ကို ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့တွင် AA က သိမ်းယူနိုင်ခဲ့ပြီး တိုင်ကျိုးရှိ စစ်ကောင်စီစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၅ရက်နေ့က တိုင်ကျိုးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းမှ လေးကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် တိုင်ကျိုးရွာအတွင်းရှိ နေအိမ်များပျက်စီးခဲ့သည်။
ထို့အပြင် စစ်ကောင်စီက မြေပြင်ထိုးစစ်အဖြစ် အင်အား ၇၀ ပါစစ်ကြောင်းကို တိုင်ကျိုးသို့ စေလွှတ် ခဲ့ရာ AA က ကြားဖြတ်တိုက်ခိုက်သည့် အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံးသွားပြီး ကျန်သူအချို့မှာ လက်နက်ချသူနှင့် ကစဉ့်ကလျားထွက်ပြေးသွားသူများ ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ကြွေချိုင်မှဆုတ်ခွာလာပြီးနောက် တိုင်ကျိုးစာသင်ကြောင်း၊ ပုဂံတောင်၊ မော်ရွှေချိုင်၊ ဆပ်သွားဘုန်းကြီး ကျောင်းတို့တွင် လက်နက်ကြီးများတပ်ဆင်၍ ခံစစ်ပြင်ထားခဲ့ခြင်းဖြစ်သည်။
ပုဂံတောင်အမြောက်တပ်ကို AAက ဝင်ရောက်တိုက်ခိုက်စဉ် ဆပ်သွားနှင့် မော်ရွှေချိုင် မှနေ၍ လက်နက်ကြီးများဖြင့် စစ်ကောင်စီက ပစ်ကူတိုက်ခိုက်ခဲ့သည်။
ကမ်းသာယာတွင်အခြေချနေသည့် လက်နက်ကြီးတပ်နှင့် ဂွမြို့ရှိ ခမရ ၅၆၂နှင့် ၅၆၃ တပ်ရင်းများမှလည်း လက်နက်ကြီး ပစ်ကူများပေးခဲ့ကြောင်း သိရသည်။
AA ထိုးစစ်မှာ ဂွမြို့နှင့် နီးကပ်လာ၍ စစ်ကောင်စီက ဆပ်သွားကျေးရွာတလျောက်မှ ဂွမြို့လမ်းများတွင် လုံခြုံရေးဂိတ်များ တိုးချကာ ဧရာဝတီတိုင်းမ်အတွင်းမှ စစ်ကူထောင်ဂဏန်းနီးပါးထိ ပို့ထားကြောင်း သိရသည်။