ကျောက်ပန်းတောင်းက ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခြောက်ဦးသေဆုံး၊ ၂၀ဦးခန့် ဒဏ်ရာရကာ လေးဦး ပျောက်ဆုံးနေ

by

in

ကျောက်ပန်းတောင်းက ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခြောက်ဦးသေဆုံး၊ ၂၀ဦးခန့် ဒဏ်ရာရကာ လေးဦး ပျောက်ဆုံးနေ
ဩဂုတ် ၁၃၊ The Nation Voice
စောညိန်း
ကျောက်ပန်းတောင်းမြို့နယ် ၊ ပွေးကျစ်တိုက်နယ် ၊ ပွဲခင်းရွာမကျေးရွာက ပျူစောထီး‌စခန်းကို ဩဂုတ်လ ၁၂ ရက်နေ့ ၊ နေ့လယ် ၂နာရီခွဲခန့်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တဲ့တယ်လို့ Bagan Bo Cho PDF က ဒီကနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျူစောထီး ခြောက်ဦး သေဆုံးခဲ့ပြီး ၂၀ဦးခန့်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
“သေဆုံးတာက မျက်မြင်ခြောက်ဦး၊ ဒဏ်ရာရရှိသူလည်း များတယ်လို့ သတင်းထပ်ရပါတယ်၊ ခန့်မှန်း၂၀ကျော်မယ်ဗျ၊ ပျောက်ဆုံးနေဆဲ လူက လေးယောက်လို့ သတင်းထပ်ရသေးပါတယ်”လို့ OAK AWE UG မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ခေါင်းဆောင်ကိုဥဩက The Nation Voice ကိုပြောပါတယ်။
ပွဲခင်းရွာမကျေးရွာရှိ ပျူစောထီးစခန်းကနေ ကာဘိုင်သေနတ် နှစ်လက်၊ တစ်‌တောင့်ထိုးရှော့ဂန်း တစ်လက်၊ ကာဘိုင်ကျည် ၉၈ တောင့်၊ ကာဘိုင်ကျည်ဘောက် သုံးခု၊ လက်ပစ်ဗုံး တစ်လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တိုက်ပွဲကြာချိန် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေးရဲဘော် နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာအနည်းငယ်ရရှိကာ ကျန်တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ပွဲခင်းမှာ စစ်သားက ၁၀ယောက်လောက်ရှိတယ်၊ လက်နက်ကိုင်ပျူက ၅၀လောက်ရှိတယ်၊ ကျွန်တော်တို့ဘက်က နှစ်ယောက်ဒဏ်ရာရပေမယ့် မစိုးရိမ်ရပါဘူး”လို့ Bagan Bo Cho PDFရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကျွဲကြီးက ပြောပါတယ်။
ပွဲခင်းရွာမတိုက်ပွဲကို Bagan Bo Cho PDF၊ မကွေးခရိုင်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ မကွေးတိုင်းပကဖ ၊ အာဠာဝက မြို့ပြ‌ပြောက်ကျားတပ်ဖွဲ့ ၊ Oak Awe UG မြို့ပြ‌ပြောက်ကျားတပ်ဖွဲ့ ၊ Chauk Revolution Army ၊ ချောက်ပကဖ ၊ ပခုက္ကူမြို့နယ်ပကဖ ၊ Kyaukpadaung Special Defense Force ၊ Chauk Guerrilla Force ၊Y.R.F ပေါက် ပကဖ ၊ တောဇီးကွက်မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ People Defence Force သခင်ဖိုးလှကြီးတပ်ခွဲ Chauk နဲ့မြိုင်ပကဖတို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၀ရက်နေ့ကလည်း ချောက်မြို့နယ်အတွင်းက ဆားလယ်ရွာပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် ကားတစ်စီး၊ ဆိုင်ကယ်နှစ်စီး၊ သေနတ်နှစ်လက်နဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့ပါတယ်။