စစ်မှုထမ်းဆင့်ခေါ်ရာတွင် အကြောင်းမဲ့ ပျက်ကွက်သူ၊ စာရင်းသွင်းပြီးမှ ပျက်ကွက်သူ၊ ဆေးအောင်ပြီးမှ ပျက်ကွက်သူနှင့် သင်တန်းကျောင်းရောက်မှ ထွက်ပြေးသူများကို အရေးယူရန် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ညွှန်ကြား
ရန်ကုန်၊ နိုဝင်ဘာ ၈
အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရာတွင် အကြောင်းမဲ့ ပျက်ကွက်သူ၊ စာရင်းသွင်းပြီးမှ ပျက်ကွက်သူ၊ ဆေးအောင်ပြီးမှ ပျက်ကွက်သူနှင့် သင်တန်းကျောင်းရောက်မှ ထွက်ပြေးသူများကို အရေးယူရန် လိုအပ်သည်ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စစ်တပ်၊ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းက ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၇ /၂၀၂၄ တွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရာတွင် အကြောင်းမဲ့ပျက်ကွက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်၊ တိုင်း/ပြည်နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေဖြင့် စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများ၊ သင်တန်းကျောင်းသို့ ရောက်ရှိပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများအားကို အရေးယူဆောင်ရွက်ကြရန် ယင်းအစည်းအဝေးတွင် ညွှန်ကြားထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
လက်ရှိ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေမူကြမ်းကို အကြံပြုချက်များအပေါ် ပုဒ်မတစ်ခုချင်းအလိုက် အပြန်ပြန်အလှန်လှန် စိစစ်သုံးသပ်ရေးဆွဲနေပြီး နည်းဥပဒေ မူကြမ်းမှာ ၈ ကြိမ်မြောက်အဆင့် ရောက်ရှိနေပြီဖြစ်ကြောင်း၊ အထက်အဆင့်ဆင့်သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြပြီးပါက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုထားသည်။
လတ်တလော မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းဥပဒေဖြင့် စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ အပါအဝင် ပြည်သူလူထုကို အနိုင်ကျင့် ခြိမ်းခြောက်မှုများ အကြီးအကျယ်ဖြစ်ပွားနေပြီး ယင်းအခြေအနေများမှာ စစ်ကောင်စီဘက်တော်သားများက ပြည်သူကို ဖိနှိပ်ညှဉ်းပန်းရာတွင် အသုံးပြုလာနေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော သတင်းအချက်အလက်များအရ သိရှိရသည်။
ထို့ပြင် စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့များအပါအဝင် ဝန်ကြီးဌာနပေါင်းစုံ ပါဝင်သော စစ်မှုထမ်း တပ်သားသစ် လူစားထိုး အရောင်းအဝယ်စျေးကွက်မှာ လည်း အကြီးအကျယ် ဖြစ်ထွန်းနေကြောင်း၊ လူစားထိုး တပ်သားသစ်တစ်ဦးလျှင် အနည်းဆုံးငွေကျပ် သိန်း ၅၀ မှ သိန်း ၁၀၀ အထိ စျေးပေါက်နေကာ အဓိက ချမ်းသာလာသူများမှာ စစ်တပ်မှ အရာရှိနှင့်စစ်သည်များ ဖြစ်ကြောင်း၊ လူမိုက်များ။ ပျူစောထီးများနှင့် ပြည်သူ့စစ်များကို ငွေကြေးပေး၍ စစ်မှုထမ်းရန် တပ်သားသစ် လူငယ်များကို စုဆောင်းခိုင်းမှုများလည်းဖြစ်ပွားနေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းများ ဆက်တိုက် ဖော်ပြခဲ့ပြီးဖြစ်သည်။