စားသောက်ကုန်စည်ဈေးနှုန်းနှင့် ဆေးဝါးပစ္စည်းများဈေးခုန်တက်

by

in

စားသောက်ကုန်စည်ဈေးနှုန်းနှင့် ဆေးဝါးပစ္စည်းများဈေးခုန်တက်
ဧရာဝတီတိုင်းမ်

ဩဂုတ် ၁၃ ရက်
ရန်ကုန်မြို့ရှိ လက်လီလီစျေးကွက်အတွင်း ယခုရက်ပိုင်းတွင် စားသောက်ကုန်စည်ဈေးနှုန်းနှင့် ဆေးဝါးပစ္စည်းများဈေးနှုန်း ခုန်တက်သွားကြောင်းသိရသည်။
လက်ရှိတွင်စားသောက်ကုန်စည်ဈေးနှုန်းတွင် ကြက်ဥ၊ အသားနှင့် ဟင်းသီးဟင်းရွက်ဈေးများအပါအဝင် စား သောက်ကုန်ဈေးနှုန်းများက အချိန်တိုင်းပင်အပြောင်းအလဲဖြစ်နေကြောင်း ရန်ကုန်မြို့ခံ အိမ်ရှင်မ များထံက သိရသည်။
ယခင်ရက်များတွင် ကြက်ဥတစ်လုံး ၃၈၀ ကျပ်မှ ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့တွင် ကြက်ဥ တစ်လုံး ၅၀၀ ကျပ်ဖြစ်ပြီး ကန်စွန်းရွက်တစ်စီးကို ကျပ် ၁၀၀၀ မှ ၁၂၀၀ ကျပ်ကြား၊ ဝက်သား တစ်ပိဿာ ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ ကျပ်အထိ ဈေးတက်ကာ ကျန်ရှိနေသည့်ဟင်းသီးဟင်းရွက်အမယ်စုံလည်း ဈေးတက် လာကြောင်း သိရသည်။
“ဟင်းချက်စရာတွေဈေးတက်တယ်။ ဆပ်ပြာတို့ ဆပ်ပြာသွားတိုက်ဆေးတွေဈေးတက်တယ်။ မုန့်ပဲသရေစာတွေ လည်းဈေးတက်တယ်။ ထိုင်းကလာတဲ့မုန့်တွေဈေးပိုတက်တယ်။ ဆီကြော်မုန့် တွေဈေး တက်တယ်။ အကုန်အားလုံးဈေးတက်နေတာပဲ ” ဟု မရမ်းကုန်မြို့နယ်နေထိုင်သူ ဝန်ထမ်း အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် အခြေခံစားသောက်ကုန်စည်တစ်မျိုးဖြစ်သော စားအုန်းဆီရှားပါးနေကာ လိုအပ်သလိုဝယ်ယူ၍ မရသည်မှာကြာမြင့်နေပြီဖြစ်ပြီး ယခုတစ်ပတ်အတွက် စစ်ကောင်စီ၏ စားအုန်းဆီရည်ညွှန်းဈေးမှာ ထပ်မံမြင့်တက် လာကြောင်းသိရသည်။
စစ်ကောင်စီသတ်မှတ်ဈေး ရန်ကုန်အထိုင် စားအုန်းဆီရည်ညွှန်းဈေးတွင် တစ်ပိဿာလျှင် ကျပ် ၅၉၄၅ ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ထက် ကျပ် ၁၁၀ ဈေးမြင့်တက်လာခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် စားအုန်ဆီးတစ်ပိဿာဈေး ကျပ် ၁၄၀၀၀ ကျပ်ရှိပြီး ထိုင်းနိုင်ငံမှ ဝင်ရောက် လာသော ဟင်းရွက်ဆီ၊ နေကြာဆီနှင့် ပဲပိစပ်ဆီ ငါးဆယ်ကျပ်သား တစ်ဘူးလျှင် ကျပ် ၉၅၀၀ မှ ၁၃၀၀၀ ကြားရှိကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။
“ ဈေးကွက်ထဲမှာ ပဲရောအဆီဆိုပြီးရောင်းနေတာက စားအုန်းဆီတွေပဲ။ အဲဒီစားအုန်းဆီးကို ပဲအနံ့ရောပြီး အပြင်မှာရောင်းနေတာ ဘယ်လိုတွေရောင်းနေကြလဲမသိဘူး။ တစ်ပိဿာ ကျပ် ၁၆၀၀၀ လောက်ရှိတယ်။ ဆီပေးတဲ့နေရာမတိုးနိုင်တော့ အဲဒီဆီပဲဝယ်စားတယ်” မရမ်းကုန်းမြို့နယ်တွင် နေထိုင်သူ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင်တိုက်ပွဲများပြင်းထန်လာချိန်တွင် နိုင်ငံရေးမငြိမ်သက်မှုများကို အကြောင်းပြု၍ ပုံမှန်ထက်ကုန် ဈေးနှုန်းများမြင့်လာရာတွင် ဆေးအမယ်အချို့ကုန် ဆေးဝါးပစ္စည်းများလည်း နှစ်ဆဈေးတက် သွားကြောင်း ဆေးအရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ယင်းပြင်နှလုံးနှင့်ပတ်သက်ပြီးရောဂါရှင်များသောက်ရသည့် Candelong 4 နှင့် 8 ၊ အစာနှင့်လေကြေဆေး၊ သွေးတိုးရောဂါကျဆေးနှင့် နာတာရှည်ဝေဒသနာသည်များ သောက်သုံးရသည့် မူရင်းဆေးဝါးအပြင် အလားတူဆေးအမျိုး အစားများပါပစ္စည်းပြတ်နေကြောင်း သိရသည်။
“ နှလုံးသွေးကြောတွေထိန်းညှိပေးတဲ့ဆေးပေါ့ Candelong 4 နဲ့ 8 က ပြတ်နေတာကြာပြီ။ ဆေးရုံ တွေမှာတောင်မရဘူး။ သူအာနိသင်တူနဲ့အလားတူဆေးတွေလည်းမရှိဘူး။ နှလုံးဆေးတွေက ပြတ်လို့မရဘူး။ ပုံမှန်သောက်နေမှ အခုတော့ ဆေးရှားဝယ်နေတုန်း။ ဆရာဝန်တွေပြောတာ ဆေးရဖို့က တစ်လ၊ နှစ်လလောက်တော့ကြာအုံးမယ်ပြောတယ်” ဟု နာတာရှည်နှလုံးရောဂါသည် အမျိုးသမီး တစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင်စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆေးဝါးတင်သွင်းသူများကို နိုင်ငံခြားငွေရောင်းပေးမည်ဟု ထုတ်ပြန်ထားသည်။
လက်ရှိတွင် အမေရိကန်ဒေါ်လာဈေးနှင့် ပြည်တွင်းရွှေနှုန်းက အချိန်နှင့်အမျှပြောင်းလဲ ဈေးမြင့် တက်နေပြီး အမေရိကန်တစ်ဒေါ်လာ ကျပ် ၆၂၀၀ နှင့် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သား ကျပ် ၇၃ သိန်း တွင်ရှိနေကြောင်း ဈေးကွက်အတွင်းက သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ကုန်စည်ဈေးနှုန်းဆက်တိုက်မြင့်တက် #စားသောက်ကုန် #ဆေးဝါး #လူသုံးကုန်ဈေးတက် #Ayeyarwaddy_Times