စစ်အာဏာသိမ်းမှု အမြန်အဆုံးသတ်ပြီး ပြည်ထောင်စုတည်ဆောက်ရေး လက်တွေ့ထင်ဟပ်သည့် ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်နေဟု NUG ပြော ▪️ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ဖက်ဒရယ်စနစ်ကျင့်သုံးရန် NUG၏ မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့များ ကြိုးပမ်း

by

in

စစ်အာဏာသိမ်းမှု အမြန်အဆုံးသတ်ပြီး ပြည်ထောင်စုတည်ဆောက်ရေး လက်တွေ့ထင်ဟပ်သည့် ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်နေဟု NUG ပြော
▪️ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ဖက်ဒရယ်စနစ်ကျင့်သုံးရန် NUG၏ မဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့များ ကြိုးပမ်း
▪️စစ်ကောင်စီ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲ ပဋိပက္ခကို ပိုပြင်းထန်လာစေနိုင်ကြောင်း ထပ်လောင်း သတိပေး
ဟန်နွေ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ချင်းအမျိုးသားတပ်ဦး(CNF)တို့ပူးပေါင်းလုပ်ဆောင်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်အာဏာရှင်စနစ်အလွန် ပြည်ထောင်စုသစ် ပြန်လည်တည်ဆောက်မည့် ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း အသိပေးခဲ့သည်။
ထိုသို့ အသိပေးရာတွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်၊ CNF တွဲဖက်အတွင်းရေးမှူး ဆလိုင်းထက်နီတို့က ရှင်းလင်းပြောကြားခဲ့သည်။
စစ်အာဏာသိမ်းမှု အမြန်ဆုံးအဆုံးသတ်နိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို အာမခံနိုင်မည့် အထူးသဖြင့် စနစ်အပြောင်းအလဲများကို အာမခံနိုင်မည့် သဘောတူညီချက်များ ဖော်ထုတ်ရန်၊ နိုင်ငံရေးသဘောတူညီချက်အတိုင်း တော်လှန်ရေးကာလအတွင်း၌ပင် အတက်နိုင်ဆုံး ကျင့်သုံးနိုင်သရွေ့ ကျင့်သုံးရန် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နေကြောင်း ဒေါ်ဇင်မာအောင်က ပြောသည်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်တွေ့အခြေအနေများကို ထင်ဟပ် သည့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ပြီး ယင်းညှိနှိုင်းမှုများအရ ဘုံနိုင်ငံရေးသဘောတူညီချက်ကို ၂၀၂၄ ဇန်နဝါရီ ၃၁ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့ကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။
“ဒီနေ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲကနေ ပြည်သူလူထုကို တင်ပြလိုတဲ့သတင်းစကားက စစ်အာဏာရှင်စနစ်အဆက်ဆက်အောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ ကျမတို့ တိုင်းပြည်ရဲ့ စုစည်းမှုနဲ့ ဂုဏ်သိက္ခာကို ကျမတို့တွေ ဘယ်လိုအခြေခံတွေနဲ့ ပြန်လည်တည်ဆောက်ယူကြမလဲဆိုတဲ့အဖြေကို ကျမတို့ဟာ မဟာမိတ်များနဲ့အတူတူ ရှာဖွေနေကြတယ်ဆိုတဲ့ သတင်းစကားပဲဖြစ်ပါတယ်”ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
ထို့နောက် ပဒိုစောတာဒိုမူးက ၂၀၂၄ ဇန်နဝါရီက NUG၊ KNU၊ KNPPနှင့် CNF အပါအဝင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက် အကြောင်း ၊ ပြည်ထောင်စုကို အောက်ခြေမှ အခြေခံပြီး တည်ဆောက်သည့် ဖက်ဒရယ်စနစ် ကျင့်သုံးနိုင်ရေးဆောင်ရွက်မှုတို့ကို ရှင်းပြခဲ့သည်။
ထုတ်ပြန်ထားသည့်ဘုံနိုင်ငံရေး ဦးတည်ချက် ၆ရပ်အား အတိုချုံးမည်ဆိုပါက သုံးချက်သာ ရှိပြီး ပထမအချက်မှာ စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားပြီး စစ်တပ် နိုင်ငံရေး၌ ပါဝင်နေမှုကို အဆုံးသတ်ရန် ဖြစ်ကြောင်း၊ ဒုတိယ အချက်မှာ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ခုရေးဆွဲရန်၊ ပဋိပက္ခ အတွင်း မတရားကျူးလွန်မှုခံနေရသူများအတွက် တရားမျှတမှုရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။
ပဒိုစောတာဒိုမူး၊ ဦးအောင်ဆန်းမြင့်နှင့် ဆလိုင်းထက်နီတို့၏ပြောကြားချက်တွင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို မည်သည့် စနစ်ဖြင့် တည်ဆောက်မည်ဆိုသည့် အချက်ကို အလေးထားပြောကြားခဲ့သည်။
” ဒေသတွင်းကိုယ်ပိုင်အုပ်ချုပ်မှုများကို ထောက်ခံအားပေးတဲ့ ပြည်ထောင်စုကို အောက်ခြေက နေအခြေခံပြီးတော့တည်ဆောက် တဲ့ဖက်ဒရယ်စနစ် ချဉ်းကပ်မှုနည်းလမ်းနဲ့ နိုင်ငံပြန်လည်တည်ဆောက်နေကြတာဖြစ်တယ်”ဟု ပဒိုစောတာဒိုမူးက ပြေကြားသည်။
ဦးအောင်ဆန်းမြင့်ကလည်း တပြည်ထောင်စနစ် ၊ အာဏာရှင်စနစ်အပါအဝင် လူမျိုးရေး နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန် တော်လှန်ရေးအင်အားစုများအကြား တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပုံစံ တည်ဆောက်ရန် သဘောတူညီခဲ့ကြောင်း ပြောသည်။
” ကျနော်တို့အားလုံးက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ကြမယ်ဆိုလို့ရှိရင် ယျေဘူယျ သဘောတူညီထားကြပေမယ့် ဘယ်လိုဖက်ဒရယ်စနစ်နဲ့တိုင်းပြည်ကို တည်ဆောက်မလဲဆိုတာရယ်။ နောက်ပြီးတော့မှ ပြည်ထောင်စုနဲ့ပြည်နယ်တွေအကြားမှာ ဘယ်လိုလုပ်ပိုင်ခွင့်အာဏာတွေ ခွဲဝေကျင့်သုံးကြမယ်ဆိုတာကို ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကြားမှာ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့အတူ ရှင်းရှင်းလင်းလင်းရှိနေကြဖို့ အထူးလိုအပ်ပါတယ်”ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
ထိုသို့ရှင်းလင်းစွာရှိနေမှသာ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်း၌ရှင်းလင်းမည်ဖြစ်သကဲ့သို့စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးကို စနစ်တကျဖြင့် ထိရောက်စွာဆောင်ရွက်နိုင်မည်ဟု ၎င်းကဆိုသည်။ ထို့ပြင် တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုများ ပိုမိုမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောသည်။
ဗဟိုမှ ပြည်နယ်များသို့ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း ဖက်ဒရယ်စနစ်၊ သို့မဟုတ် ဗဟိုအခြေပြု ဖက်ဒရယ်စနစ် တို့ဖြင့် ပြည်ထောင်စုသစ်ကိုတည်ဆောက်၍ မရကြောင်း၊ယင်းသည် ဗဟိုချုပ်ကိုင်မှုစနစ်ကို ပြန်လည်အသက်သွင်းပြီး အာဏာရှင်စနစ်ကို ပြန်လည်ပေါ်ပေါက်လာစေနိုင်ကြောင်း ၎င်းက ဆိုသည်။
ပြည်နယ်အားကောင်းရေးမှသာ ပြည်ထောင်စု အားကောင်းရေးဆိုသည့် ဖက်ဒရယ်စနစ်သည်သာ တိုင်းရင်းသားများ တောင်းဆိုလာသည့် အမျိုးသားရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အပြည့်အ၀ အကောင်အထည်ဖော်ဆောင်နိုင်လိမ့်မည်ဟု လက်ခံယုံကြည်ထားကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။
လက်ရှိတော်လှန်ရေးကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား အုပ်ချုပ်ရေး၊ဥပဒေပြုရေး နှင့်တရားစီရင်ရေးကဏ္ဍများအား မည်သို့ ညှိနှိုင်းဆောင်ရွက်ရမည်ဆိုသည်ကို ပဋိညာဉ်အစိတ်အပိုင်း(၁)နှင့် အစိတ်အပိုင်း(၂)တွင် အခန်းလိုက်ဖော်ပြထား၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအကြား နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေး အစရှိသည့် နည်းပေါင်းစုံကို ၂၀၂၄ ခုနှစ်အတွင်း လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။
ထို့အပြင် ပြည်နယ်အားကောင်းရေးကို ဦးစွာ တည်ဆောက်ပြီး ပြည်ထောင်စုအားကောင်းရေး ချဉ်းကပ်သည့် Bottom-Up Federalism ဖြင့် တိုင်းပြည်ကို တည်ဆောက်ရန် စက်တင်ဘာ ၁၉ရက်တွင် သဘောထား ထုတ်ပြန်သကဲ့သို့ တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ ဆက်လက်ညှိနှိုင်း နေကြောင်းလည်း ဦးအောင်ဆန်းမြင့်က ပြောသည်။ ယင်းစနစ်သည် အသစ်ဖန်တီးခြင်းမဟုတ်ဟုလည်း ၎င်းက ပြောသည်။
“ပြည်ထောင်စုအတွင်းက ခွဲထွက်ရေးမူကိုချနေတာလည်းမဟုတ်ပါဘူး။ ပြည်နယ်အားကောင်းရေးကို အရင်တည်ဆောက်ပြီး ပြည်ထောင်စု အားကောင်းရေးအတွက် ချဉ်းကပ်တဲ့ ဖက်ဒရယ်စနစ်တစ်ခုပဲဖြစ်ပါတယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် ဗဟိုအခြေပြု ဖက်ဒရယ်စနစ်နှင့် ဗဟို ချုပ်ကိုင်မှုစနစ်များကို နှစ်ပေါင်းများစွာ ရင်းနှီးလာကြ၍ Bottom-Up Federalism အပေါ် ဒွိဟ ဖြစ်နေသည့် အခြေအနေ မြင်တွေ့ရသည်ဟုလည်း ၎င်းက ဆိုသည်။
Bottom-Up Federalism ၏ အခြေခံအယူအဆများကို ခြုံပြောရမည်ဆိုပါက အချုပ်အခြာ အာဏာ၏ မူလပိုင်ရှင်သည် ပြည်နယ်နှင့် ပြည်နယ်အတွင်း နေထိုင်သည့် ပြည်သူလူထုများ ဖြစ်ရမည်၊ ပြည်နယ် ဖက်ဒရယ်ယူနစ်များက တရားမျှတရေး ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရမည်ဖြစ်သည်ဟု ဆိုသည်။ ပြည်ထောင်စုနှင့် ပြည်နယ် ဖက်ဒရယ်ယူနစ်များအကြားလုပ်ပိုင်ခွင့်အာဏာ ခွဲဝေရေးလုပ်ဆောင်သွားရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
NUG၊ KNU၊ KNPP၊ CNF တို့က အတူတကွ လက်တွဲတိုက်ပွဲဝင်နေကြသည့် အဖွဲ့များ ကိုယ်စား ဘုံသဘောထားရပ်တည်ချက်ကို ဇန်နဝါရီ ၃၁ရက်က ထုတ်ပြန်ပြီးနောက် နိုင်ငံရေး၊ စစ်ရေး ၊ သံတမန်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လုပ်ဆောင်နေသည်သာမက ပြည်နယ်လူမျိုးကိုယ်စားပြု အတိုင်ပင်ခံ ကောင်စီများ ၊ အခြားသော နိုင်ငံရေးပါတီများ၊တော်လှန်ရေးအင်အားစုများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပုံမှန်ပြုလုပ်နေသည်ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
CNFပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဆလိုင်းထက်နီက တော်လှန်ရေးအင်အားစုများ အတွက် ရွေးချယ်စရာ တစ်ခုသာရှိကြောင်းပြောကြားသည်။
“အဲဒါက ကျနော်တို့လိုချင်တဲ့ နိုင်ငံရေး မျှော်မှန်းချက်အတွက် နိုင်ငံရေးဦးတည်ချက် ရပ်တည်ချက်နဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်တွေကို ချမှတ်ပြီးတော့မှ သဘောထား ရပ်တည်ချက် အပေါ် အခိုင်အမာရပ်တည်ပြီးတော့ ပြည်သူနဲ့အတူ တိုက်ပွဲဝင်နေခြင်းဟာ ကျနော်တို့ရဲ့ တစ်ခုတည်းသောရွေးချယ်စရာလမ်းပဲဖြစ်ပါတယ်”ဟု ပြောသည်။
ထိုသို့တိုက်ပွဲဝင်ရာ၌ စစ်ရေး ၊ နိုင်ငံရေးကို ဟန်ချက်ညီရန်လိုအပ်သည်ဟုဆိုသည်။ စစ်ရေးဆိုရာတွင် စစ်အာဏာရှင်စနစ်အပြုတ်တိုက်ခြင်း ဖြစ်ပြီး နိုင်ငံရေးမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်ဟု ဆိုသည်။
“ကျနော်တို့ ခေါင်းဆောင်တွေ ပြောသွားတဲ့ ပြည်နယ်ခိုင်မှ ပြည်ထောင်စု ခိုင်မာမယ်ဆိုတဲ့မူအရ ဒီမိုကရေစီရေးအမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အ၀ ရှိတဲ့ ပြည်နယ်များဖြင့်စုဖွဲ့ထားတဲ့ ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ယနေ့ တော်လှန်ရေးကာလမှာပဲ နိုင်ငံရေးအရ ပြည်ထောင်စုအဆင့်နဲ့ ဖက်ဒရယူနစ်အဆင့်ဆိုပြီးတော့ အုပ်ချုပ်ရေးကိုထူထောင်ပြီး စစ်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးဆိုတဲ့ တာဝန်ကြီးနှစ်ရပ်ကို ပခုံးထမ်းပြီးဆောင်ရွက်နေတာဖြစ်ပါတယ်”ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။
KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၏ ပြောကြားချက်တွင် စစ်ကောင်စီ လက်ရှိ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲသည် ပဋိပက္ခ ပိုကြီးလာနိုင်ကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့ပြီး အာဆီယံ အနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်သင့်သည်များကို အကြံပြုခဲ့သည်။
“ရွေးကောက်ပွဲတွေဟာပဋိပက္ခတွေကိုပိုမိုပြီးတော့ပြင်းထန်လာနိုင်စေပြီးတည်ငြိမ်မှုနှင့်ငြိမ်းချမ်းရေးကိုလည်းယူဆောင်လာပေးနိုင်မှာ မဟုတ်ပါဘူး”ဟု ပဒိုစောတာဒိုမူးက ပြောသည်။
စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များတွင် အဓိက အချက်မှာ ရွေးကောက်ပွဲဖြစ်ကြောင်း၊ စစ်ကောင်စီက ၎င်း၏ ရှေ့လုပ်ငန်းစဉ် ၅ရပ် ကြေညာခြင်းသည်အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို မလုပ်ဘူးဟု အာဆီယံကို အသိပေးခြင်းဖြစ်ကြောင်း အာဆီယံက မှတ်ယူနိုင်သည်ဟုပြောပြသည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ၅ချက်တွင် အရေးပါသည့် အဓိက အချက်သုံးချက်ရှိပြီး အကောင်အထည်ဖော်ရန် လိပ်ခဲတည်းလည်းဖြစ်နေသည်မှာ အကြမ်းဖက်မှု လျှော့ချရေး၊ အားလုံးပါဝင်သည့်ဆွေးနွေးပွဲများ ဖြစ်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေး ကိစ္စရပ်များဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်အနေဖြင့် မည်သည့်အရာကိုမှ ဂရုမစိုက်ဘဲ မြန်မာပြည်သူများအားလုံးအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု အရှိန်အဟုတ်ဖြင့်လုပ်ဆောင်နေကြောင်း ၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ မြို့နယ် ဧရိယာ စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်း သည် လက်နက်ကိုင်ပဋိပက္ခ အရှိန်ပြင်းထန်မှု၏ ဒဏ်ကို သက်ရောက်ခံစားရကြောင်း၊ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲမှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။
အာဆီယံ၏ ဘုံသဘောထားရပ်တည်ချက် ပထမဆုံးအချက်ကို ဆန့်ကျင်ပြီး အကြမ်းဖက် နေသည်မှာစစ်ကောင်စီတပ်ဖြစ်သည်ဟု ပြောသည်။
အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကို အကြံပြုလိုသည်မှာ လေယာဉ်ဆီ၊ အမြောက်လက်နက်ကြီးကျည်၊ လက်နက်ငယ်ခဲယမ်းမီးကျောက်များ၊ လက်နက်များ ထုတ်လုပ်သည့် ပစ္စည်းများ မြန်မာနိုင်ငံအတွင်းဆက်လက် ပေးပို့နေခြင်းသည် ပဋိပက္ခကို တိုးမြှင့်စေပြီး စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြစ်၍ ရပ်တန်းက ရပ်ရန် နည်းလမ်းရှာပေးရမည်ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောကြားသည်။
၂၀၂၁ ခုနှစ်မတ်လမှ ၂၀၂၄ ဩဂုတ်အထိ တနိုင်ငံလုံး၌ လေကြောင်း တိုက်ခိုက်မှုပေါင်း ၅၀၄၃ ကြိမ်ရှိပြီး ကရင်နီပြည်နယ်တစ်ခုအတွင်း ၁၇၈၅ ကြိမ်ရှိခဲ့သည်ဟု ၎င်းကပြောသည်။
“အကြမ်းဖက်မှုတွေက ဘယ်ကလာလဲဆိုရင် စစ်တပ်(စစ်ကောင်စီတပ်)ဆီကပဲလာတာ ဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောသည်။
အာဆီယံက စစ်ကောင်စီကို အကြမ်းဖက်မှုများ ရပ်တန့်စေလိုပါက စစ်ကောင်စီထံ စစ်လက်နက်ပစ္စည်းများ ရောက်ရှိမှုရပ်တန့်စေရန်၊ စစ်ကောင်စီအား သံတမန်ရေးအရ တရားဝင်မှု မပေးအပ်ရန်၊ စစ်လက်နက်ပစ္စည်းဝယ်ယူမှုကို ထိန်းချုပ်ရန်၊ စစ်ကောင်စီ၏ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ရန် စသည့်အချက်များလိုအပ်သည်ဟု ထောက်ပြသည်။
စစ်ကောင်စီကို ထောက်ပံ့နေသည့် နိုင်ငံများ ဆက်လက်မထောက်ပံ့နိုင်ရေး ဝိုင်းဝန်း ဖိအားပေးနည်းလမ်းရှာကြံ ပိတ်ဆို့ခြင်းပြုလုပ်ရန် တောင်းဆိုခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း၊ အကူအညီလိုအပ်နေသူများသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေ၌ ရှိနေကြောင်း ပဒိုစောတာဒိုမူးက ပြောကြားသည်။
အာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ ဖြစ်သည့် AHA Center က ထောက်ကူနေသည့် အကူအညီများသည် ဟန်ပြ ထောက်ကူမှု ဖြစ်နေသည်ကို တွေ့ရခြင်းမှာ စိတ်မကောင်းစရာဖစြ်ကြောင်း၊ စစ်ကောင်စီကို လူသားချင်းစာနာထောက်ထားမှု အကူအညီ များမှ တဆင့် နိုင်ငံရေးအရ အသုံးချရန် ဖန်တီးဖြစ်ပေါ်စေကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။
လူသားချင်းစာနာထောက်ထားမှု အ ကူအညီများတိုးမြှင့်ပေးရန်လိုအပ်ပြီး တစ်နိုင်ငံချင်းဖြစ်စေ စုပေါင်း၍ ဖြစ်စေ လက်တွေ့လုပ်ဆောင်နိုင်သည့် ခြေလှမ်းများရှာဖွေရန်လိုအပ်သည်ဟု ပြောသည်။
အာဆီယံ၏ ဘုံရပ်တည်ချက်၌ ပါဝင်သည့် အားလုံးပါဝင်နိုင်သည့်တွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်၍ ပဒိုစောတာဒိုမူးက ပြေကြားခဲ့ရာ ရေတိုဖြေရှင်းမှုသာ ဖြစ်ပြီး အားလုံးပါဝင်နိုင်မှုမရှိသော၊ ရေရှည်တည်တံ့ခိုင်မြဲမှုကို မဦးတည်သော၊ ညှိနှိုင်းဆောင်ရွက်မှု မပါဝင်သည့် သီးသန့်လုပ်ငန်းစဉ်များအား ကမကထ ပြုလုပ်ခြင်း၊ ထောက်ခံကူညီခြင်းတို့ကို ရှောင်ကြဉ်သွားရန် လိုအပ်သည်ဟု အသိပေးခဲ့သည်။
တစ်ဖက်တွင် နိုင်ငံရေးပြဿနာ ပြေလည်ရေးကို ရည်ရွယ်သည့် တွေ့ဆုံဆွေးနွေးမှုအတွက် လက်တွေ့ကျစွာ အထောက်အကူဖြစ်စေမည့်ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေရေး နည်းလမ်းရှာကြံရမည်ဟုလည်း ပဒိုစောတာဒိုမူးက ပြောသည်။
ဘုံနိုင်ငံရေး ရည်မှန်းချက် ရရှိရေးညှိနှိုင်းရန်သည်ပထဆုံးလိုအပ်မှုဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် နှင့် ဗဟိုဦးစီးချုပ်ကိုင်မှု စနစ်များ သို့ နောက်ကြောင်းပြန်မလှည့်စေမည့် ၊ ပြည်သူလူထု လိုလားမှုနှင့်ကိုက်ညီသည့် ဘုံနိုင်ငံရေး ရည်မှန်းချက်များ ရရှိရေး အတွက်တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်ကိုအာဆီယံ တစ်နိုင်ငံချင်းက ဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ ကူညီ ထောက်ခံအကျိုးဆောင် ပံ့ပိုးပေးရန်လိုအပ်သည်ဟု ပဒိုစောတာဒိုမူးက ပြောကြားခဲ့သည်။
(ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားနေသော NUG၊ KNU၊ KNPP၊ CNFတို့မှ တာဝန်ရှိသူများ)