တရုတ်ဘက်မှ စက်သုံးဆီ ပြန်လည်သွင်းခွင့်ရရှိရန် စစ်ကောင်စီ သွားရောက်ညှိနှိုင်း ဟုဆို
ဧရာဝတီ၊ နိုဝင်ဘာ ၅၊ ၂၀၂၄
ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်မှ စတင်ပြီး တရုတ်အစိုးရက မြန်မာဘက်သို့ တင်ပို့နေသော ကုန်ပစ္စည်းများကို ပိတ်ထားခဲ့ရာစက်သုံးဆီ ပြန်လည် တင်သွင်းခွင့်ရရှိရန် စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတာဝန်ရှိသူများက ယူနန်ပြည်နယ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မူဆယ်နယ်စပ် ကုန်သည်ကြီးတဦးက “အောက်တိုဘာ ၂၉၊ ၃၀ ရက်လောက်ကပေါ့။ စီးပွားကူးသန်းရဲ့ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က ဖိုရမ်တခုမှာ တက်ရင်း ညှိနှိုင်း ဆောင်ရွက်တာရှိတယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီး တရုတ်က ပြန်ရောင်းချပေးဖို့ပေါ့။ နယ်စပ်ဒေသအသုံးအတွက်ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ ဒေါ်လာငွေအခက်အခဲကြောင့် တရုတ်-မြန်မာနယ်စပ်မှ စက်သုံးဆီ တင်သွင်းခြင်းကို ခွင့်ပြုထားရာမှ တရုတ်ဘက်က ရုတ်တရက်ပိတ်လိုက်သဖြင့် မူဆယ်နယ်စပ်အပါအဝင် တရုတ်နှင့် ထိစပ်နေသော ဒေသများတွင် စက်သုံးဈေးနှုန်းကြီးမြင့်ခြင်း၊ အကန့်အသတ်ဖြင့် ဝယ်ယူရခြင်း၊ ပြတ်လပ်ခြင်းများ ဖြစ်ပေါ်နေသည်။
အထက်ပါကုန်သည်က “နယ်စပ်အတွက် မူဆယ်က ကုန်သည်ပဲ ပေးတာပေါ့။ တရုတ်အစိုးရက ပိတ်ထားတော့ တင်သွင်းရင်း တန်းလန်းနဲ့ ရပ်လိုက်ရတော့ ဒဏ်ကြေး တွေ ဆောင်ရတယ်။ တရုတ်ထဲမှာပဲ ကားက ဆီတင်ထားပြီး ရက်ကျော်နေတော့ ဒဏ်ဆောင်ရတာပေါ့။ အဲဒီလိုမျိုးတွေဖြစ်တယ်။ အခုထိ ပြန်သွင်းခွင့် ပေးမပေးတော့ သေချာမသိရသေးဘူး”ဟု ရှင်းပြသည်။
လက်ရှိတွင် တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သည့် မူဆယ်မြို့၌ တရုတ်ဘက်မှ တင်သွင်းခွင့်မပိတ်ခင်က စက်သုံး တလီတာ ၄၅၀၀ ကျပ်၊ ၅၀၀၀ ကျပ်ဝန်းကျင်ရှိရာ ယခု တလီတာ ၁၂၀၀၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်နေပြီး ဆိုင်ကယ်တစီးလျှင် ကျပ် ၁၀၀၀၀ ဖိုးအထိသာ ဝယ်ခွင့်ရှိသည့် အခြေအနေ ဖြစ်သည်။
ပုံစာ-တရုတ်-မြန်မာနယ်စပ် မူဆယ်ဘက်ခြမ်းရှိ နန်းတော်ဂိတ် (ပုံဟောင်း)/ IRW