စစ်ခေါင်းဆောင် တရုတ်နိုင်ငံ ထွက်ခွာချိန် နေပြည်တော်လေဆိပ်မှာ ဗုံးကွဲ
~~~
■ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်လေဆိပ်ကနေ ထွက်ခွာတဲ့ နိုဝင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာပဲ လေဆိပ်ပြေးလမ်းအနီး ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုဝင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ တပ်မတော်လေဆိပ်ဘက်ခြမ်းကနေ MAI လေကြောင်းလိုင်းနဲ့ ထွက်ခွာခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၈ နာရီခွဲခန့်မှာတော့ လေယာဉ်ကွင်းဘက်ကနေ ပေါက်ကွဲသံကျယ် ကြားခဲ့ရတာ ဖြစ်ပါတယ်။
စစ်တပ်ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၈ နာရီ ၂၀ အချိန်မှာ နေပြည်တော် လေယာဉ်ကွင်း လေယာဉ်ပြေးလမ်းနဲ့ ကားပါကင်ကြား ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆေးတဲ့အခါ လက်လုပ်ဗုံးဖြစ်နေတာလို့ တွေ့ရတယ်လို့ ရေးသားကြပါတယ်။
ဗုံးကွဲမှုမဖြစ်ခင်ကတည်းက နိုဝင်ဘာလ ၅ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်ရှိနေတာကြောင့် လေဆိပ်အဝင်လမ်းဘက်မှာ လမ်းတွေပိတ်ထားပြီး လုံခြုံရေးတင်းျပ်ထားတာလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေပါတယ်။
—————
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ မထွက်ခွာခင် နေပြည်တော်လေဆိပ်တွင် တွေ့ရစဉ်။ (Photo: Telegram/ MRTV News Channel)
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လိုက်ပါသော လေယာဉ်ထွက်ခွာပြီး ၂ နာရီခန့်အကြာ နေပြည်တော်အေလာလေဆိပ် လေယာဉ်ပြေးလမ်းတွင် လက်လုပ်မိုင်းပေါက်ကွဲ
ရန်ကုန်၊ နိုဝင်ဘာ ၅
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လိုက်ပါသော လေယာဉ်ထွက်ခွာပြီး ၂ နာရီဝန်းကျင်အကြာ နေပြည်တော်လေဆိပ် လေယာဉ်ပြေးလမ်းတွင် မိုင်းပေါက်ကွဲခဲ့ကြောင်း စစ်တပ်လော်ဘီချန်နယ်တချို့က သတင်းဖော်ပြသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် MAI အထူးလေယာဉ်ဖြစ်သော Airbus 319 -XYALK ဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
မင်းအောင်လှိုင် ထွက်ခွာသွားပြီးနောက် ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန် နေပြည်တော် အေလာလေယာဉ်ကွင်းပြေးလမ်းနှင့် ကားလမ်းကြား PVC လက်လုပ်မိုင်းပေါက်ကွဲခဲ့ကြောင်း စစ်တပ်လော်ဘီချန်နယ်တစ်ခုဖြစ်သော KRPL က သတင်းဖော်ပြသည်။
နေပြည်တော်အခြေစိုက် တော်လှန်ရေးတပ်သတင်းရင်းမြစ်တစ်ခုကလည်း နေပြည်တော်အေလာ လေယာဉ်ကွင်းတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားကြောင်း အတည်ပြုပြီး အသေး စိတ်ကို ထုတ်ပြန်ချက်အဖြစ် ထွက်လာဖွယ်ရှိသည်ဟု ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်သည် တရုတ်ဝန်ကြီးချုပ် Li Qiang ၏ ဖိတ် ကြားချက်ဖြင့် နိုဝင် ဘာလ ၆ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့ အထိ ကူမင်းတွင် ကျင်းပမည့် မဲခေါင်နိုင်ငံများ အစည်း အဝေး သို့တက်ရောက်မည်ဖြစ် ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းမှ နိုဝင်ဘာလာ ၉ ရက်နေ့အထိ ချောင်ချင်းမြို့သို့လည်းကောင်း၊ နိုဝင်ဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ရှန်ကျန်းမြို့သို့လည်းကောင်း သွားရောက်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယနေ့နံနက်ပိုင်း နေပြည်တော်လေဆိပ်တွင်တွေ့ရသည့် အကြမ်းဖက် မင်းအောင်လှိုင်။