တရုတ် – မြန်မာနယ်စပ် ကန်ဖန့်ဒေသမှ ပြည်သူ့စစ်နှင့် BGFများ KIAနှင့် ပူးပေါင်း
“အဲဒီဘက်မှာ တိုက်ပွဲလည်းမရှိပါဘူး။ သေနတ်ဖောက်သံတွေလည်းမရှိပါဘူး။အားလုံး ကျနော်တို့ တိုင်းရင်းသား ညီအကိုအချင်းချင်းဆိုတော့ အားလုံးက အမြင်မှန်ရပြီးတော့ ပူးပေါင်းသွားတာဖြစ်ပါတယ်” – ဗိုလ်မှူးကြီးနော်ဘူ
ဟန်နွေ/People’s Spring
တရုတ် – မြန်မာနယ်စပ်ရှိ ကန်ဖန့်ဒေသမှ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်(BGF)များ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ထံ ပူးပေါင်းခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
နိုဝင်ဘာ ၄ရက်တွင် နယ်စပ်မြို့ဖြစ်သောဖီမော၏ အရှေ့မြောက်ဘက် ကန်ဖန့်ကျေးရွာကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး ဒေသခံ ပြည်သူလူထူများက KIA တပ်ဖွဲ့များဝင်ရောက်လာခြင်းအား ကြိုဆိုသည့် သတင်းများအပေါ် ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
“ကန်ဖန့်မှာကတော့ ပြည်သူလူထုတွေ အားလုံးကတော့ ကျနော်တို့ KIA တပ်ဖွဲ့ဝင်တွေ ဝင်လာတာကို ကြိုဆိုတာရှိပါတယ်။အဲဒီဘက်မှာကတော့ ပြည်သူ့စစ်တို့ BGFတို့တော့ ရှိတာပေါ့။ဒါပေမဲ့အားလုံးကတော့ ကျနော်တို့ KIA တပ်ပေါင်းစုဆီမှာ ပူးပေါင်းသွားပါပြီ။အဲဒီဘက်မှာ တိုက်ပွဲလည်းမရှိပါဘူး။ သေနတ်ဖောက်သံတွေလည်း မရှိပါဘူး။အားလုံး ကျနော်တို့ တိုင်းရင်းသားညီအကိုအချင်းချင်းဆိုတော့ အားလုံးက အမြင်မှန်ရပြီးတော့ ပူးပေါင်းသွားတာဖြစ်ပါတယ်။ဒါကြောင့် ပြည်သူလူထုလည်း ဝမ်းမြောက်ဝမ်းသာ အားပါးတရ ကြိုဆိုလက်ခံတာကို တော်တော်တော့ ပြန့်နေပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။
ပြည်သူ့စစ်အခြေစိုက် ကန်ဖန့်ရွာအား KIA ပူးပေါင်းတပ်သိမ်းပိုက်မှု ဖြစ်စဉ်အတွင်း ပြည်သူ့စစ် ၁၀၀ကျော် လက်နက်ချခဲ့ပြီး လက်နက်အလက် ၁၀၀ကျော်သိမ်းရဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့အပြင် ဒေသခံပြည်သူများက မခုခံခိုင်း၍ ပြည်သူ့စစ်များ လက်နက်ချခြင်းဖြစ်ပြီး လက်နက် ၁၀၀ကျော်ရရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကန်ဖန့်ကျေးရွာကို သိမ်းပိုက်နိုင်ပြီဖြစ်၍ ကချင်အထူးဒေသ(၁)နယ်မြေတွင် ကန်ပိုက်တီနှင့် လန်ဆယ်သာ ကျန်တော့သည်ဟု ဆိုသည်။
” လန်ဆယ်ပြီးရင် ကုန်ပြီ။ ကံပိုက်တီပဲ ကျန်မယ်။ ကုန်ပြီလို့ ပြောလို့ရတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း KIA စစ်ကြောင်းအား ကန်ဖန့်ဒေသခံများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြောင်း နိုဝင်ဘာ ၄ရက်တွင် လူမှုကွန်ရက်၌ ရေးသားထားသည်။
“ဦးနုခေတ်က ဖီမော်၊ ဂေါ့လန်၊ ကန်ဖန့်ဒေသကို တရုတ်အစိုးရအား လွဲပေးတုန်းက တရုတ်ဖက်ခြမ်းမနေချင်ပဲ ရွာသစ်ပြန်ထူထောင်ပြီး ကချင်ဖက်ခြမ်းနေနေကြတဲ့ ပြည်သူတွေဖြစ်ပါတယ်”ဟု ကချင်သမိုင်းဝင်ရွာဖြစ်သော ကန်ဖန့်ရွာ အကြောင်းကို ရေးသားဖော်ပြထားသည်။
KIAသည် ၂၀၂၄ ဇွန်လတွင် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း၏ ကချင်အထူးဒေသ(၁)နယ်မြေရှိ ဆဒုံးဒေသကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် စက်တင်ဘာလကုန်ပိုင်းတွင် ချီဖွေမြို့၊ အောက်တိုဘာလဆန်းတွင် ဆော့လော်မြို့၊ အောက်တိုဘာလ ၁၈ရက်တွင် ပန်ဝါမြို့၊ နိုဝင်ဘာ ၂ရက်တွင် ဖီမော်မြို့ တို့ကိုသိမ်းပိုက်ရရှိထားသည်။ ဦးဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်ရင်း သုံးခုဖြစ်သော BGF (၁၀၀၁)၊ (၁၀၀၂)နှင့် (၁၀၀၃)တပ်ရင်းများကိုလည်း KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီးဖြစ်သည်။
(ကန်ဖန့်ဒေသမှ ပြည်သူ့စစ်နှင့် BGFများထံမှ လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ – T Awng T Awng)
ကချင်ပြည်နယ်၊ ကန်ဖန့်ရွာကို KIA ပူးပေါင်း တပ်များက သိမ်းပိုက်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်တချို့က လက်နက်များကို ရေထဲပစ်ချခဲ့
ရန်ကုန်၊ နိုဝင်ဘာ ၅
ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် ကန်ဖန့်ရွာကို KIA ပူးပေါင်း တပ်များက သိမ်းပိုက်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်တချို့က လက်နက်များကို ရေထဲပစ်ချခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီအချိန် ကချင်အထူးဒေသ-၁ ဖီမော်မြို့အရှေ့မြောက်ဘက် တရုတ်-ကချင်နယ်စပ် ကန်ဖန့် ရွာကို KIA က သိမ်းပိုက်ခဲ့ကြောင်း၊ လက်နက်ချသော ပြည်သူ့စစ်နှင့်စစ်သား ၁၀၀ ကျော်ရှိသကဲ့သို့ ထွက်ပြေးသွားသော ပြည်သူ့စစ်နှင့်စစ်သားများလည်း ရှိကြောင်း၊ အဆိုပါ ထွက်ပြေးသွားသော ပြည်သူ့စစ်နှင့်စစ်သားများက လက်နက်များကို ရေထဲသို့ ပစ်ချခဲ့ကြောင်း သိရှိရသည်။
“ကန်ဖန့်ကျေးရွာကနေ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တချို့တွေက လက်နက်တွေကို ချောင်းအတွင်း စွန့်ပစ်သွားကြလို့ ရေငုတ် ပြန်ဆယ်နေတာ အကုန်မဆယ်နိူင်သေးပါဘူး” ဟု KIA စစ်ရေးသတင်းမြစ်က ရှင်းပြသည်။
ယမန်နေ့ ကချင်ပြည်နယ်၊ ဖီမော်မြို့၊ ကန်ဖန့်ရွာကို KIA ပူးပေါင်း တပ်များ ဝင်ရောက်လာစဉ် ပြည်သူ့စစ် လက်နက်ကိုင် အဖွဲ့ဝင် ၁၀၀ ကျော်က လက်နက်ချ အလင်းဝင်ခဲ့ပြီး ပြည်သူများက KIA တပ်ဖွဲ့ဝင်များကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။
KIA က အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ဖီမော်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တဖြည်းဖြည်း အထက်ဘက်သို့ တက်ကာ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိက်သိမ်းပိုက်နေကြောင်း၊ ယခုအခါ အထက်ဘက်တွင် သိမ်းပိုက်ရန် ကျန်ရှိနေသော စစ်စခန်းမှာ လန်ဆယ်တစ်ခုတည်းသာ ကျန်ရှိတော့ကြောင်း သိရှိရသည်။