တရုတ် – မြန်မာနယ်စပ် ပြည်သူ့စစ်အခြေစိုက် ကန်ဖန့်ရွာအား KIA ပူးပေါင်းတပ်သိမ်းပိုက်မှု ပြည်သူ့စစ် ၁၀၀ကျော် လက်နက်ချ
◾️ဒေသခံ ပြည်သူများက မခုခံခိုင်း၍ ပြည်သူ့စစ်များ လက်နက်ချခြင်းဖြစ်ပြီး လက်နက် ၁၀၀ကျော်ရဟု စစ်ရေးသတင်းရင်းမြစ်ပြော၊ ဒေသခံပြည်သူများက KIA တပ်ဖွဲ့အား ကြိုဆို
ဟန်နွေ/People’s Spring
တရုတ် – မြန်မာနယ်စပ် ကချင်အထူးဒေသ(၁) ဖီမော်မြို့ အရှေ့မြောက်ဘက်ရှိ ကန်ဖန့်ရွာ အခြေစိုက် ပြည်သူ့စစ်စခန်းအပါအဝင် ကန်ဖန့်ရွာအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ ၄ရက်)တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကချင်အထူးဒေသ(၁)နယ်မြေတွင် KIAသိမ်းပိုက်ရန် ဒေသ အချို့သာ ကျန်ရှိရာ ကန်ဖန့်ရွာကို နိုဝင်ဘာ ၄ရက် ညနေပိုင်း၌ KIA တပ်ဖွဲ့များ ဝင်ရောက် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။
“ဒေသခံ ပြည်သူလူထုတွေက KIA တပ်ဖွဲ့တွေကိုလှိုက်လဲစွာ ကြိုဆိုခဲ့ကြပါတယ်။ ကန်ဖန့်မှာ တိုက်ပွဲမဖြစ်ဘဲ ပြည်သူ့စစ်တွေလက်နက်ချသွားတာ။ ဒီနေ့ လက်နက်ချတာ၁၀၀ကျော်တယ်။ လက်နက် ၁၀၀ကျော် ဟုတ်တယ်။ မခုခံဘဲ လက်နက်ချတာ ဟုတ်တယ်။ ပြည်သူတွေက မခုခံခိုင်းတော့ လက်နက်ချလိုက်တဲ့သဘော” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။
ကန်ဖန့်ရွာကို သိမ်းပိုက်နိုင်ပြီဖြစ်၍ ကချင်အထူးဒေသ(၁)နယ်မြေတွင် ကန်ပိုက်တီနှင့် လန်ဆယ်သာ ကျန်တော့သည်ဟု ဆိုသည်။
” လန်ဆယ်ပြီးရင် ကုန်ပြီ။ ကံပိုက်တီပဲ ကျန်မယ်။ ကုန်ပြီလို့ ပြောလို့ရတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။
KIA တပ်ဖွဲ့ဝင်များကို ကန်ဖန့် ဒေသခံများက ကြိုဆိုနေသည့် ရုပ်သံမှတ်တမ်းလည်း ယနေ့ထွက်ပေါ်လျက်ရှိသည်။
KIAသည် ၂၀၂၄ ဇွန်လတွင် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း၏ ကချင်အထူးဒေသ(၁)နယ်မြေရှိ ဆဒုံးဒေသကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် စက်တင်ဘာလကုန်ပိုင်းတွင် ချီဖွေမြို့၊ အောက်တိုဘာလဆန်းတွင် ဆော့လော်မြို့၊ အောက်တိုဘာလ ၁၈ရက်တွင် ပန်ဝါမြို့၊ နိုဝင်ဘာ ၂ရက်တွင် ဖီမော်မြို့ တို့ကိုသိမ်းပိုက်ရရှိထားသည်။ ဦးဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်ရင်း သုံးခုဖြစ်သော BGF-၁၀၀၁၊ ၁၀၀၂ နှင့် ၁၀၀၃ တပ်ရင်းများကိုလည်း KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီးဖြစ်သည်။
(ကန်ဖန့်ရွာသိမ်းပိုက်အပြီးတွင် ဒေသခံပြည်သူများက KIA တပ်ဖွဲ့အား ကြိုဆိုနေစဥ်။ ရုပ်သံ – T Awng T Awng)
တရုတ် – မြန်မာနယ်စပ်ရှိ ဖီမောမြို့ကို သိမ်းပိုက်ထားဟု KIA အတည်ပြု
◾️ကချင်အချင်းချင်း သွေးထွက်သံယိုမဖြစ်စေလိုဘဲ KIO/KIAနှင့် ပူးပေါင်းလို၍ BGFနှင့် ပြည်သူစစ်များ ရှောင်ပေးခြင်းဖြစ်နိုင်ဟု ဗိုလ်မှူးကြီးနော်ဘူပြော
ဟန်နွေ/People’s Spring
တရုတ် – မြန်မာနယ်စပ်မြို့ငယ်တစ်ခုဖြစ်သည့် ဖီမောမြို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့(နိုဝင်ဘာ ၄ရက်)တွင် အတည်ပြုသည်။
ဖီမောမြို့နယ်စပ်ဂိတ်ကို KIAက နိုဝင်ဘာ ၂ရက် ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လမ်းတလျောက် တိုက်ပွဲအနည်းငယ်သာဖြစ်ခဲ့ပြီး နယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ်များက ပြင်းထန်စွာခုခံခြင်းမရှိ၍ KIA ပူးပေါင်းတပ်က အလွယ်တကူ သိမ်းနိုင်ခဲ့ခြင်းဟု ဆိုသည်။
“နယ်စပ်မြို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင် ကုန်သွယ်မှုလုပ်နေတဲ့ မြို့ကြီးတော့ မဟုတ်ဘူးပေါ့။ ဒေသခံတွေ ဝင်ထွက်လို့ရတဲ့ နယ်စပ်မြို့တစ်ခုဖြစ်ပါတယ်။ အဲဒီမှာ ပြည်သူ့စစ်နဲ့ BGF ရှိတယ်လို့ ပြောပါတယ်။ စကစရဲ့ ရဲဘော်စစ်သားတွေက အဲဒီလောက်မရှိဘူးလို့ ပြောပါတယ်။ အဲဒီမှာ စခန်းထိုင်နေတဲ့ ပြည်သူ့စစ်တွေ BGF ကတော့ ကျနော်တို့ ကချင်တိုင်းရင်းသားတွေပဲ ဖြစ်တယ်ဆိုတော့ ကျနော်တို့တက်လာတဲ့အခါမှာ သူတို့လည်း အတက်နိုင်ဆုံးခုခံပြီးမှ စခန်းတွေကိုရှောင်သွား တယ်လို့ ကြားရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA အနေဖြင့် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေရှိ စစ်ကောင်စီစီတပ်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် BGFစခန်းများကို ပြင်းပြင်းထန်ထန် အချိန်ကြာမြင့်စွာ တိုက်ခိုက်ရခြင်းမရှိဘဲ အချိန်တိုအတွင်း ချီဖွေမြို့၊ ဆော့လော်မြို့၊ ပန်ဝါမြို့၊ ဖီမောမြို့နှင့် နယ်ခြားစောင့်တပ်ရင်းဌာနချုပ်များကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မြို့သိမ်းတိုက်ပွဲများအတွင်း BGFနှင့် ပြည်သူ့စစ်များက KIAထံ လက်နက်ချ ပူးပေါင်းမှုဖြစ်စဉ်များလည်းရှိခဲ့သည်။
” ပြောချင်တာကတော့ သူတို့လည်း ကျနော်တို့ တိုင်းရင်းသားအချင်းချင်း ညီအကိုအချင်းချင်း သွေးထွက်သံယို မဖြစ်စေချင်လို့ ကျနော်တို့ KIO/KIAနဲ့ ပူးပေါင်းချင်လို့ ဘက်ပြောင်းချင်လို့ အခုလိုမျိုးရှောင်သွားတာလည်း ဖြစ်နိုင်တယ်လို့ ကျနော် ယူဆပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ဖီမောမြို့တိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး ထည့်သွင်း ပြောကြားသည်။
KIAသည် နိုဝင်ဘာ ၄ရက် ညနေပိုင်းတွင်လည်း ဖီမောမြို့ အရှေ့မြောက်ဘက်ရှိ ကန်ဖန့်ရွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။ ကန့်ဖန့်ရွာ သိမ်းပိုက်ရာတွင် ပြည်သူ့စစ်များက ခုခံခြင်းမရှိဘဲ လက်နက်ချသကဲ့သို့ ဒေသခံပြည်သူများကလည်း KIAကို ကြိုဆိုခဲ့ကြသည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ကန်ဖန့်ကျေးရွာသိမ်းပိုက်မှုတွင် လက်နက်အလက် ၁၀၀ကျော် ရရှိခဲ့သည်ဟုလည်း ပြောပြသည်။
(ဖီမော်မြို့အဝင်တနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)