ပေါင်းတည်တွင် စစ်တပ်ပေးထားသည့် လက်ပစ်ဗုံး ပေါက်ကွဲကာ အုပ်ကြီး သေဆုံး
4 Oct 2024 By Ko Paing / MPA
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် စစ်တပ် ပေးထားသည့် လက်ပစ်ဗုံး မတော်တဆ ပေါက်ကွဲကာ အုပ်ချုပ်ရေးမှူး တစ်ဦးသေဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာသုံးရက်၊ နံနက်ခြောက်နာရီဝန်းကျင်က ပေါင်းတည်မြို့နယ်၊ပေါက်အိုင်ကြီးအုပ်စု၊မြောက်ဥသျှစ်ကုန်းကျေးရွာရှိ ပေါက်အိုင်ကြီးအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းထွန်းဇော်(ခ)ထွန်းထွန်း(၄၉နှစ်) ၏နေအိမ်၌ စစ်ကောင်စီတပ်က ပေးထားသည့် လက်ပစ်ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထွန်းထွန်းဇော်မှာ ဆေးရုံရောက်ချိန်၌ သေဆုံးခဲ့ခြင်းဖြစ် ကြောင်း ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးနှင့်နီးစပ်သူတစ်ဦးထံကသိရသည်။
“ထွန်းထွန်းက ကိုယ့်ဗုံးကိုယ်ကွဲပြီး သေတာ”ဟု ၎င်းက MPAသို့ ပြောသည်။
၎င်းသည် လက်ပစ်ဗုံးကို သွားလေရာ ယူဆောင်သွားလေ့ရှိသလို အိပ်ရာဘေးတွင်လည်း ထားအိပ် ကြောင်း မြောက်ဥသျှစ်ကုန်းကျေးရွာသားတစ်ဦးက ဆိုသည်။
“သူ့မိန်းမ က ဗုံးအစတွေမှန်တယ်။သူ့သား အငယ်ကောင်က လက်ကိုထိတယ်။သူ့မိန်းမက ခြေထောက်ကိုထိတယ်။ဆေးရုံတင်ထားတယ်။သူကအရမ်းကြီးဆိုးဆိုးဝါးဝါးတော့မဟုတ်ပါဘူး။အကုန်လုံးနဲ့တော့ တည့်အောင်ပေါင်းပါတယ်။ကျတော်တို့က လယ်ထဲရောက်နေကြတာ။ “အုံး”ဆိုတဲ့အသံတော့ ကြားလိုက်တယ်။ရွာထဲ ပြန်ရောက်မှ သေချာသိရတာ”ဟု ၎င်းက ပြောသည်။
ယင်းပေါက်ကွဲမှုအပြီးတွင် ပေါင်းတည်မြို့မရဲစခန်းမှ ရဲနှင့်စစ်သား ၁၀ ဦးခန့် ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးနှင့်မိသားစုဝင်တို့ကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။
သေဆုံးသူ အုပ်ချုပ်ရေးမှူး ထွန်းထွန်ဇော်၏ ရုပ်အလောင်းကို ပေါင်းတည်ဆေးရုံမှ မြောက်ဥသျှစ်ကုန်းကျေးရွာ နေအိမ်သို့ ပေါင်းတည်မြို့နယ်နာရေးကူညီမှုအသင်း ကားဖြင့် ပြန်သယ်ခဲ့ကြောင်းသိရသည်။
မြောက်ဥသျှစ်ကုန်းကျေးရွာသည် ပေါင်းတည်မြို့၏တောင်ဘက်၊ မြို့ပေါ်နှင့် လေးဖာလုံသာ ကွာဝေးသည်။